ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီကြောင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ပါတီဝင် စုစုပေါင်း ၁၀၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၃ နှစ်ပြည့် သဘောထားကြေညာချက် ထုတ်ပြန်စဉ် ထည့်သွင်းဖော်ပြခဲ့တာပါ။

NLD ပါတီက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T)ရဲ့ ကောက်ယူထားတဲ့အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ အခုနှစ် နိုဝင်ဘာ ၁ ရက်နေ့အထိ NLD လွတ်တော်ကိုယ်စားလှယ် အပါအဝင် ပါတီဝင် စုစုပေါင်း ၁၂၉၀ ဦး ဖမ်းဆီးခံခဲ့ရတာပါ။


ဒါ့အပြင် စစ်ကောင်စီက NLD ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက်မှု အကြိမ်ရေ ၁၆၀ လောက်ပြုလုပ်ထားပြီး NLD လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦး အပါအဝင် NLD ပါတီဝင် ၄၀၇ ဦးရဲ့ ပိုင်ဆိုင်တဲ့နေအိမ်တွေကိုပါ ချိတ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အရပ်သားပြည်သူတွေရဲ့ နေအိမ်ပိုင်ဆိုင်မှု မီးရှို့ဖျက်ဆီးမှု ၁၄၉၈ ကြိမ်ပြုလုပ်ထားပြီး အိမ်ခြေ ၆၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးနှိပ်စက်မှုနဲ့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ စုစုပေါင်း ၄၀၉၅ ဦး သေဆုံးထားတယ်လို့ ဆိုပါတယ်။

NLD ပါတီအနေနဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးနဲ့ ပြည်သူလူထုနဲ့ အတူ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

ဒါ့အပြင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေ တွေနဲ့အညီ ဖော်ထုတ်အရေးယူရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကပါ အခုထက် ပိုမိုထိရောက်စွာ ကူညီပေးကြဖို့ NLD ပါတီက မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media ပုံစာ – ရွေးကောက်ပွဲ အောင်နိုင်ရေး NLD ပါတီဝင်တွေ လှည့်လည်နေစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.