နေပြည်တော်၊ နိုဝင်ဘာ ၈
စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီတပ်နဲ့ရုရှားရေတပ်တို့ ပူးပေါင်းဆောင်ရွက်မယ့် စစ်ရေးလေ့ကျင့်မှုဟာ ညီနောင်မဟာသုံးဖွဲ့ရဲ့ စစ်ဆင်ရေးအပေါ် သက်ရောက်မှုမရှိသလို ဟန်ပြလုပ်ဆောင်မှုသာ ဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ရုရှားနဲ့မြန်မာစစ်တပ်ဟာ ပထမဆုံးအကြိမ်အဖြစ် ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးပူးပေါင်းလေ့ကျင့်သွားဖို့ ရုရှားရေတပ်ရဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကတည်းက မြန် မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
စစ်ရေယာဉ်တွေကိုတော့ ရုရှားနိုင်ငံရေတပ်ရဲ့ ရေတပ်ဦးစီးချုပ်ဦးဆောင်ပြီး အရာရှိ၊ စစ်သည် အင်အား ၈၀၀နီးပါး ပါဝင်လာပြီး အဲဒီအဖွဲ့ကို နိုဝင်ဘာ ၅ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တာပါ။
စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မြောက်ပိုင်းမှာ စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီနဲ့ရုရှားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဟန်ပြအနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အခုချိန်မှာ ရုရှားကလည်းသူတို့ရဲ့ မဟာမိတ်ရှားနေတဲ့အချိန် မြန်မာပြည်ကလည်း မဟာမိတ်ကင်းမဲ့နေတဲ့အချိန်၊ သူတို့အချင်းချင်း သတင်းပေါင်းဖက်တွေ့ဆုံးပြီးတော့ လုပ်ကြကိုင်ကြတာ။ သိပ်ကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အခုကျင်းပတဲ့ ရုရှား-မြန်မာ ရေတပ်ပူးတွဲလေ့ကျင့်ရေးဆိုတာက သူ့မှာမဟာမိတ်ရှိတယ်ဆိုတာကို အာဆီယံနိုင်ငံတွေနဲ့ ပစိဖိတ်ဒေသအတွင်းမှာ ပြသဖို့ဟန်ပြလုပ်လိုက်တဲ့ကိစ္စပါပဲ။ ဒီလိုပူးတွဲစစ်ဆင်ရေး လုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ (၁၀၂၇) စစ်ရေးလှုပ်ရှားမှုမှာ သက်ရောက်မှုလည်းမရှိပါဘူး။ သက်ရောက်မှုရှိအောင်လည်း လုပ်နိုင်တဲ့အခြေအနေမရှိပါဘူး။ ဒါကြောင့်ဒီကိစ္စကို ကျွန်တော်တို့အရေးမပါတဲ့ ဟန်ပြလှုပ်ရှားမှုတစ်ခုအဖြစ်ပဲ သဘောထားတယ်လို့ ကျွန်တော်ပြောချင်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီရဲ့ ရုရှားနဲ့ပူးတွဲစစ်ရေးလေ့ကျင့်ပြတာဟာ ပြည်တွင်းမှာ ဘာမှမဖြစ်သလိုပုံစံနဲ့ ပုံမှန်အတိုင်း စစ်ရေးလေ့ကျင့်တာတွေကအစ လုပ်ဆောင်နိုင်တယ်ဆိုတာကို တဖက်လှည့်အနေနဲ့ နိုင်ငံတကာကို ချပြချင်တာကြောင့်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကလည်း စစ်ရေးပူးတွဲလေ့ကျင့်မှုဟာ စစ်ကောင်စီက သူ့ရဲ့ဘက်မှာ ရုရှားနိုင်ငံ ကျောထောက်နောက်ခံရှိတာကို ပြသချင်ဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်ခွန်အားပေးဖို့ ဆောင်ရွက်တာလို့ သုံးသပ်ပါတယ်။
“တပ်ချုပ်မှာလည်း ဒီလိုရုရှားနိုင်ငံတစ်နိုင်ငံ သူ့နောက်မှာရှိတယ်။ ပြီးတော့လက်နက်တွေလည်း ရောင်းတယ်၊ လေယာဉ်တွေလည်း ရောင်းတယ်။ စစ်ပညာတွေလည်း သင်ပေးတယ်။ အဲဒီနိုင်ငံတစ် နိုင်ငံ သူဘက်မှာ ကျောထောက်နောက်ခံ ရပ်တည်နေတယ်ဆိုတဲ့ သူ့အတွက်ပုံရိပ်ပေါ့နော်။ ဒီစစ်ပွဲမှာတော့ အဲဒါကိုအားအဖြစ်ပေးမယ်ဆိုရင်တော့ လက်တွေ့မှာဟိုမှာတော့ ခြေလျင်တိုက်ပွဲတွေ၊ ကုန်ကြောင်းတိုက်ပွဲတွေက များနေတာပေါ့။ အများအားဖြင့်တော့ ရုရှားကထုတ်တဲ့ လေယာဉ်တွေနဲ့လည်း ပစ်တာပေါ့လေ။ အဲဒီလောက်တော့ သူက ရှိနိုင်တယ်။ ဒါပေမယ့် ဒီစစ်ရေးလေ့ကျင့်မှုက ရေတပ်လေ့ကျင့်ခန်းနဲ့တော့ သိပ်ပြီးတော့မဆိုင်ဘူးပေါ့။ သူ့ဘက်ကလည်း အဲဒီလိုတွေးကောင်း တွေးပါလိမ့်မယ်။ ဒါကပုံရိပ်ကို အသုံးချခြင်းပဲဖြစ်တယ်။ စိတ်ခွန်အားကိုပေးတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ စစ်မြေပြင်မှာ သိပ်ပြီးထိထိရောက်ရောက် မရှိပါဘူး။ စစ်မြေပြင်မှာ တိုက်သ မျှရှုံးနေတဲ့ကိစ္စမှာ ရုရှားနိုင်ငံကပဲပါပါ၊ ဘယ်နိုင်ငံကပဲပါပါ သူ့စစ်သည်တော်တွေကတော့ စိတ် ဓာတ်ကျပြီးတော့ ဒါသူတို့အစိုးရအပေါ်မှာ အယုံအကြည်မရှိတဲ့ အခြေအနေကို ရောက်ရှိသွားပြီပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြည်တွင်း တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့အပြင် ပြည်သူတွေရဲ့ ထောက်ခံမှုတွေလည်း မရှိတာကြောင့် သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့ လုပ်ဆောင်နေတာတွေရှိပေမယ့် လက်တွေ့မှာတော့ အောင်မြင်မှုမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ စစ်ရေးဆက်တိုက်ရှုံးနိမ့်လာတဲ့ စစ်ကောင်စီတပ်ဟာ တဖက်မှာတော့ တပ်တွင်းစည်းလုံးမှု မပြိုကွဲရေးနဲ့ နိုင်ငံတကာကိုလည်း ပြည်တွင်းတည်ငြိမ်နေတဲ့ ပုံစံချပြချင်တာကြောင့် ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့်သတင်းစာတွေကတဆင့် လိုက်လံဖုံးကွယ်နေရတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ရုရှားရေတပ်တို့ရဲ့ ပထမဆုံးအကြိမ် ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ မြိတ်မြို့ရဲ့ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာမှာ ၃ ရက်ကြာ ပူးတွဲလေ့ကျင့်သွားဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI