ထားဝယ်၊ နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာနဲ့ဘန်ကြုတ်ကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။

တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့နိုဝင်ဘာ ၆ ရက်နေ့ နေ့လည် ၁၂ နာ ရီအချိန်လောက်မှာ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အချိန် ၆ နာရီကျော်ကြာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီအမှတ်(၅၆၁) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးပစ်ကူပေးခဲ့သလို အနီးပတ်ဝန်းကျင်ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့တာပါ။

နိုဝင်ဘာ ၇ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကောင်စီစစ်ကြောင်းဆက်ရှိနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသကာကွယ် ရေးတပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်သကျက်၊ ဘန်ကြုတ်၊ ဘန်လော၊ ဂဏန်းကွင်းကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ လာမယ့်ပွင့်လင်းရာသီကစပြီး တနင်္သာရီတိုင်းထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်သွားလာကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.