မကွေး – နိုဝင်ဘာ ၈
တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် မကွေးတိုင်း မင်းဘူးခရိုင်မှာ လုံခြုံရေးတင်းကျပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
လက်တလောမှာတော့ မင်းဘူးခရိုင်ထဲက ပုသိမ်-မုံရွာ လမ်းတလျှောက်မှာ ကင်းပုန်းတွေချထားကာ စစ်ဆေးရေးတွေလည်းတင်းကျပ်နေတာကြောင့် စျေးသည်တွေနဲ့ ဒေသခံတွေ သွားလရေး အခက်ကြုံနေရတာပါ။
“စခန်းကိုလာသိမ်းမယ်လို့ ကြားလို့တဲ့ အင်အားတွေအများကြီး ထပ်ချပြီး ပုသိမ်-မုံရွာလမ်း တလျှောက်မှာကင်းပုန်းထားတယ်။မထင်တဲ့ လူတွေကို စစ်ဆေး ရိုက်နှက်တာတွေလုပ်တယ်။ သေနတ်မောင်းတင်ပြီးသားနဲ့ ချိန်တယ်။” လို့ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းအနီးမှာနေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ အာဏာသိမ်းရက်တစ်ထောင်ပြည့် မတိုင်ခင်တည်းက ပွင့်ဖြူ၊စလင်းနဲ့ မင်းဘူး မြို့နယ်တွေမှာ စစ်ဆေးရေးတွေတင်းကျပ်ထားတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
အဲဒီမြို့နယ်တွေမှာ ည ၉ နာရီဝန်းကျင်ကနေ မနက် ၂ နာရီလောက်အထိ စစ်ဆေးတာတွေပြုလုပ်နေသလို ပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးတာတွေရှိနေပြီး ရှောင်တခင် ဧည့်စာရင်း စစ်ဆေးတာ၊ညအချိန်မတော် သေနတ်ပစ်ဖောက်တာတွေလုပ်ဆောင်နေတာကြောင့် ဒေသခံ တွေစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
“နယ်မြေအနေအထားက ငြိမ်တယ်။ဒီကောင်တွေကြောက်လို့လုပ်နေတာ။ ဒီမတိုင်ခင်က ဂိတ်တွေမှာ စခ လေးငါးယောက်ပဲရှိတာ။ နောက်မှ ပျူတွေနဲ့ပေါင်းပြီး လုပ်နေတာ။ အဓိကက တော့ ရှမ်းမြောက်နဲ့ စစ်ကိုင်း မကွေးမှာ သူတို့စခန်းတွေလက်လွှတ်ထားရတော့ အဲဒါကိုကြောက်ပြီး ပြည်သူကို ဒုက္ခပေးနေတာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးတာနဲ့ နယ်မြေလှုပ်ရှားမှုတွေကိုလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေကို အသိပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ မင်းဘူးခရိုင်ထဲက စလင်း၊စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်တို့မှာရှိတဲ့ အထိုင်စခန်းတွေကို အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေသလို စလင်းမြို့နယ် ကင်းပွန်းခြုံဘက်ကိုလည်း စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်ထဲမှာတော့ တိုက်ပွဲတွေပြင်းထန်နေပြီး မင်းရွာရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိထားသလို တောင်ခင်ရန်းရဲစခန်းကိုတော့ စစ်ကောင်စီတပ်ဘက်က စွန့်ခွာ ထွက်ပြေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJပုံစာ – စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တစ်ခုကိုတွေ့ရစဉ်