ကျိုက်ထို၊ နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီအချိန်လောက်က ရဲသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အသက် ၄၃ နှစ်အရွယ် ရဲသတင်းပေးကိုလွမ်းဝေဟာ ကျိုက်ထိုမြို့နယ် ခလွန်-စွပ်ပနူးလမ်းအတိုင်း တစ်ဦးတည်း ဆိုင်ကယ်နဲ့ နေအိမ်ပြန်လာစဉ် အမည်မသိလူ ၂ ဦးက အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကိုလွမ်းဝေဟာ လည်ပင်း၊ လက်နဲ့ပေါင်တွေမှာ ကျည်ထိမှန်ဒဏ် ရာတွေရရှိပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေက ကိုလွမ်းဝေဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ သွားလာတာတွေရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သတင်းထောက်လှမ်းမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကိုလွမ်းဝေကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ PDF တွေက လာရောက်ပစ်ခတ်သွားတယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံကတော့ ကိုလွမ်းဝေကို သူတို့အဖွဲ့တွေက ပစ် ခတ်တာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးလုပ်ဆောင်သူတွေ မကြာခဏပစ်သတ်ခံနေရတဲ့အတွက် စစ်ကောင်စီက အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ ဒေသန္တရအမိန့်ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.