မော်လ်ဒိုက်၊အောက်တိုဘာ(၂၉)

မော်လ်ဒိုက်ဒေသမှာ တပ်စွဲထားတဲ့ အိန္ဒိယစစ်တပ်ဖယ်ရှားပေးဖို့ သက်ဆိုင်ရာအစိုးရနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မော်လ်ဒိုက်သမ္မတ မိုဟာမက်မာဇီက ပြောကြားလိုက်ပါတယ်။

အိန္ဒိယတပ်တွေကို ဖယ်ရှားရေးအစီအစဉ်ဟာ ပြီးခဲ့တဲ့လက သမ္မတဟောင်း အီဘရာဟမ်ကိုဆိုလစ်ကို ဖြုတ်ချခဲ့တဲ့ သမ္မတမာဇီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ထောက်ပံ့ထားတဲ့ ရေဒါစနစ်နဲ့ ထောက်လှမ်းရေယာဉ်တွေမှာ အိန္ဒိယစစ်ဘက်အရာရှိ ၇၀ လောက်ဟာ မော်လ်ဒိုက်ဒေသရဲ့ အထူးစီးပွားရေးဇုန်ကို စောင့်ကြပ်နေခဲ့တာပါ။

မော်လ်ဒိုက်သမ္မတ မာဇီက အိန္ဒိယတပ်တွေဖယ်ရှားပေးဖို့ ဆွေးနွေးမှုတွေ စတင်ထားနိုင်ပြီ ဖြစ်သလို တွေ့ဆုံမှုတွေဟာလည်း အောင်မြင်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအစီအစဉ်ဟာ နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမယ့် ဆက်ဆံရေးကိုသာ လိုလားပြီး ဖယ်ရှားသွားမယ့် အိန္ဒိယစစ်တပ်နေရာမှာ တခြားနိုင်ငံက စစ်သားတွေနဲ့လည်း အစားထိုးသွားမှာမဟုတ်ဘူးလို့ သူက ပြောပါသေးတယ်။

မော်လ်ဒိုက်သမ္မတက အိန္ဒိယစစ်သားတွေကို ဖယ်ရှားခိုင်းတာဟာ တရုတ်နဲ့ တခြားနိုင်ငံတွေက စစ်သားတွေကို ခေါ်ဆောင်ရေး ခွင့်ပြုဖို့ အရိပ်အယောင်ပြတာမဟုတ် ဘူးလို့လည်း ဆိုထားပါတယ်။

မော်လ်ဒိုက် သမ္မတနေရာကို မိုဟာမက်မာဇီ ရရှိခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အိန္ဒိယတို့ကြား အားပြိုင်မှုတွေ ပိုမိုတိုးမြင့်လာသလို မော်လ်ဒိုက်အစိုးရ အဆက်ဆက်ဟာ အာရှအင်အားကြီး နှစ်နိုင်ငံထဲက တဖက်ဖက်မှာ ရပ်တည်တာတွေရှိခဲ့တာပါ။

တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း မော်လ်ဒိုက်မှာ အခြေခံအဆောက်အအုံတွေ အဆင့်မြှင့်တင်တာနဲ့ ချေးငွေတိုးမြှင့်တာတွေအပြင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အားပြိုင်တာတွေရှိနေတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.