နေလားရှိုး၊ အောက်တိုဘာ(၂၉)

နိုင်ငံတဝန်းမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကအထိနာနေပြီး စစ်မျက်နှာများစွာ ဖြန့်ကျက်ရင်ဆိုင်ထားရတယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အစည်းတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေရတာပါ။

နာမည်ကျော်စောနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိပ်နင်းရေးဟာ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၆ ခုမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲက သက်သေထူနေပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ဆင်ရေးစတင်ကြေညာတဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာတင် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့ရှိ စစ်ကောင်စီရဲ့ စစ်ရေးအဓိကကျတဲ့နေရာအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး ၁၀၂၇ ကနေ ထုတ်ပြန်ထားပါတယ်။

ညီနောင် ၃ ဖွဲ့ထဲက တအောင်းတပ်မတော် TNLA အနေနဲ့ နမ့်ခမ်းမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၃ ခုနဲ့ လားရှိုးမြို့နယ်က တိန်းတန်စခန်းကိုလည်း လက်နက်ခဲယမ်းမျိုးစုံနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့ ထပ်မံထုတ်ပြန်လာတာပါ။

အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာလည်း ရှမ်းမြောက်ရှိ ချင်းရွှေဟော်မြို့က စစ်ကောင်စီရဲ့ နမ့်ကျွမ်းစစ်စခန်းနဲ့ အခြားစခန်းနှစ်ခုကို လက်နက်ခဲယမ်းနဲ့အတူ ကိုးကန့်အဖွဲ့ MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။

လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်တပ်အနေနဲ့ စစ်မျက်နှာအများကြီးဖွင့်ထားရတဲ့အတွက် စစ်ရေးအထိနာနေပြီး ရှေ့လျှောက်လည်း အထိနာမယ်လို့ သုံးသပ်ပါတယ်။

“စစ်တပ်ကတော့ ပိုပြီးတော့ ထိလာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက (စစ်တပ်) စစ်မျက်နှာအများကြီးဖွင့်ရတာကိုး။ အဲဒီတော့ အခုဖွင့်ထားသမျှနဲ့လည်း သူတို့ချည်းပဲထိနေတာဖြစ်တာကိုး။ ဇော်မင်းထွန်းကိုယ်တိုင်ကလည်း ပြောပြီ။ သူတို့ရဲတွေရော၊ တပ်သားတွေရော တော်တော်များများ ထိတယ်ဆိုတာပြောတယ်။ ရှေ့လျှောက်လည်း သူတို့ပဲထိစရာရှိတာပဲ။ တိုက်ပွဲတွေက ပိုပြင်းထန်လာမယ်။ အခုလိုချိန်မှာ မပြင်းလို့လည်း မရဘူးလေ။ တစ်ဖက်ကလည်း ဖရိုဖရဲဖြစ်နေတာကိုး။ အဲဒီလိုအခြေ အနေမျိုးမှာ တော်လှန်ရေးသမားတွေက စုစုစည်းစည်းနဲ့ တိုက်ဖို့လိုတယ်။ နာသွားအောင် ဒါမှပဲ စစ်တပ်က နိုင်ငံရေးကနောက်ဆုတ်မှာ။ နို့မို့ဆိုနောက်ဆုတ်မှာ မဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကျော်တုန်းကလည်း စစ်ကောင်စီရဲ့ စခန်းနှစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်က အောင်ဂျာစခန်းနဲ့ ရှမ်းမြောက်ရှိ မုံးကိုးမြို့အနီး နမ့်ကွတ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) ဦးဆောင်မှုနဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီတပ်အနေနဲ့ KIA ဗဟိုဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ဖို့ အပြင်းအထန်ထိုးစစ်ဆင်ကြိုးပမ်းနေတဲ့အတွက် ညီနောင်သုံးဖွဲ့ကနေ ရှမ်းမြောက်တစ်ခုလုံးကို စစ်ဦးလှည့်ပေးလိုက်တာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ဆင်ရေး ၁၀၂၇ နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ကြဖို့နဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်ကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရကို အကျပ် ကိုင်ချင်ရင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ပေးပြီး မြန်မာအစိုးရဘက်က တရုတ်ကို အားကိုးလာရင်တော့ မြောက်ပိုင်းအဖွဲ့တွေကို ဝင်အမိန့်ပေးတာလို့ သုံးသပ်ပါတယ်။

“ဗမာအစိုးရကို အကျပ်ကိုင်ချင်လို့ရှိရင် မြောက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်တွေ ထုတ်ပေးတယ်။ လက်နက်စက်ရုံတွေ ထောင်ပေးတယ်။ ရိက္ခာပေးတယ်။ ယူနီဖောင်းတွေ ပေးတယ်။ ဒါသူတို့အလုပ်ပဲ။ အေး ဗမာအစိုးရက သူတို့ကိုအားကိုးပြီး လုပ်ပါဦး၊ ကယ်ပါဦး အဖေကြီးရဲ့ဆိုပြီး သူတို့က (တရုတ်အစိုးရ) တစ်မျိုးပြောတယ်။ အဲဒီတော့ မင်းတို့တွေက ငါမွေးထားတဲ့ လူတွေပဲ ရပ်လိုက်ကြတော့ တော်တော့လို့ အဲဒီလိုဝင်ပြီး ပြောတာပေါ့။ နိုင်ငံရေးနဲ့ဆိုရင် ဗမာကိုသူတို့က ပြည်နယ်အဆင့်လောက်ပဲ သဘောထားတာ”လို့ သူက ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်အဖွဲ့ AA၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေးနဲ့ မိမိတို့ဒေသကို အခုထက်ပိုမိုထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးစတင်လာတာပါ။

ဒါ့အပြင် မြန်မာလူထုတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ တ ရုတ်-မြန်မာ နယ်စပ်အပါအဝင် နိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေးတို့ကိုလည်း ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံအနှံ့ စစ်အင်အားပြန့်ကျဲနေတဲ့ စစ်ကောင်စီအ နေနဲ့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို တုန့်ပြန်ဖို့ အခက်အခဲကြီးမားနိုင်ပြီး တိုက်ပွဲရှည်ကြာမယ့်သဘောလို့ သုံးသပ်ပါတယ်။

“ဒီအချိန်မှာ တိုင်းနဲ့ ပြည်နယ်အနှံ့အပြားမှာ စစ်အင်အားတွေပြန့်ကျဲနေတဲ့ စစ်ကောင်စီအနေနဲ့ ညီနောင်သုံးဖွဲ့လုပ်တဲ့ စစ်ဆင်ရေးကိုတုန့်ပြန်ဖို့ အတော်ခက်ခဲကြီးမားပါလိမ့်မယ်။ သို့သော်ရသလောက်အင်အားစုပြီး လားရှိုးတက်လာတဲ့ သဘောတော့ရှိတယ်။ အဲဒါလည်း ညီနောင်သုံးဖွဲ့က လမ်းဖြတ်တိုက်ခိုက်မှုတွေ လုပ်မယ့်သ ဘောအများကြီးရှိပါတယ်။ ဒါကြောင့်မို့ ဒီတိုက်ပွဲဟာ ရက်ပိုင်းအတွင်း ပြီးသွားမှာမဟုတ်ဘဲ ရေရှည်မှာ နွေဦး တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာတော့မယ်။ ဒါကြောင့် ဒီတိုက်ပွဲဟာ ချက်ခြင်းပြီးမယ့်သဘောမရှိဘဲ တိုက်ပွဲဟာရှည်ကြာမယ့်သဘောရှိပါတယ်”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ ရှမ်းမြောက်တိုက်ပွဲနဲ့အတူ နိုင်ငံ့တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တ နင်္သာရီတိုင်းမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါ။

ဒါ့အပြင် ချင်း၊ ကရင်နီ၊ စစ်ကိုင်းနဲ့ မကွေးတို့မှာလည်း ဒေသအခြေစိုက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ CNF၊ KNPP၊ ABSDF အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တညီတညွတ်တည်း လက်တွဲပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ ပူးပေါင်းသွားမယ်လို့ အတိအလင်းကြေညာထားပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲ ကျော်အတွင်း နိုင်ငံတဝန်းတိုက်ပွဲပေါင်း ၁၁,၀၀၀ ကျော်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-1027 -FB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.