ကော့ကရိတ်၊ အောက်တိုဘာ(၂၈)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရှိရပါတယ်။

အဲဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်ကစပြီး ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ အခြေပြုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ကနဦးတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံး အစရှိတဲ့ ရုံး ၃ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်မီးရှို့ဖျက်ဆီးထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ကနဦးထွက်ပေါ်လာနေတဲ့ ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ မြို့တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နေရာတချို့ တိုးချဲ့နိုင်လာပြီလို့ အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ဒေသခံပြည်သူတွေ ပိတ်မိနေတာတွေရှိသလို မြို့တွင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးမှာ ခရီးသွားကားတွေ ပိတ်မိနေပြီး ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတယ်လို့ ခရီးသွားလာသူတွေထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေမှုနဲ့ မြဝတီမြို့ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေက မြဝတီမြို့မှာ လုံခြုံရေးအင်အားတိုးချထားတာတွေ လုပ်ဆောင်နေတယ်လို့လည်း BGF သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးခဲ့သလို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.