လားရှိုး၊ အောက်တိုဘာ (၂၇)

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ နဲ့ လောက်ကိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရေး စတင်နေပြီး လားရှိုး-ချင်းရွှေဟော်၊လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးတွေကို အရေးပေါ် ပိတ်ပင်လိုက်ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က ကြေညာလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရေး၊ လောက်ကိုင်မြို့နယ်အတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ရှင်းလင်းရေး၊ကာကွယ်ပေးနေတဲ့ နောက်ကွယ်အင်အားစုတွေ လားရှို့ကတစ်ဆင့် စစ်အင်အားတိုးချဲ့လာမှာကို ဟန့်တားရေးအတွက် ပြည်ထောင်စုလမ်းမကြီးတွေကို ဒီကနေ့ မနက် ၆ နာရီကစတင်ပြီး အရေးပေါ်ပိတ်ဆို့ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပိတ်ပင်ထားတဲ့ လမ်းမကြီးတွေကို ဘာအကြောင်းပြချက်နဲ့မှ ဖြတ်သန်းသွားလာခွင့်မပြုဖို့နဲ့ မလိုက်နာဘဲ ဆက်လက်ဖြတ်သန်းသွားလာနေမယ်ဆိုရင် ရန်သူရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တန်းအဖြစ် မှတ်ယူပြီး ပြင်းထန်စွာ တိုက်ခိုက်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းနဲ့ မနေ့က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့ သိမ်းဆည်းရမိထားတဲ့ လက်နက်တွေကိုလည်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီကနေ့ မနက် ၄နာရီအချိန်လောက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့မှာ တပြိုင်နက်ထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာအညွန်း – တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.