မော်လမြိုင် – အောက်တိုဘာ(၂၇)
လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို တက်နိုင်သမျှကြိုးစားပြီး နိုင်နိုင်နင်းနင်း ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ(၂၆) ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။
“တော်လှန်စစ်ဆင်နွှဲနေတဲ့ ကာလဖြစ်တာကြောင့် တည်ငြိမ် အေးချမ်းရေး ရရှိဖို့ဆိုတာ ခက်ခဲမှာ မှန်ပေမယ့် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကိုတော့ဖြင့် တတ်နိုင်သမျှကြိုးစား ပြီး နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ဖို့လိုမှာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးနဲ့ ပညာသင်ကြား ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အစည်းအဝေးကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊တွဲဘက်အမြဲတမ်းအတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်လာကြတဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်တွေက (၄၂/၂၀၂၃) မှာချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှုအခြေအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG