မော်လမြိုင်၊ အောက်တိုဘာ(၂၂)
မွန်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆင်ခြင်ပြီးထိန်းသိမ်းပေးဖို့ မွန်ပြည်သစ်ပါတီက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းဆိုခဲ့တယ်လို့ မွန်ပြည်သစ်သတင်းစဉ်ကနေ သိရပါတယ်။
NCA ၈ နှစ်ပြည့် အခမ်းအနားကို မွန်ပြည်သစ်ပါတီ ကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့တဲ့ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က အောက်တိုဘာ ၁၆ ရက်နေ့က အပစ်ရပ်ထိုး EAO အဖွဲ့တွေနဲ့အတူ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ တင်ပြခဲ့တာပါ။
အဲဒီတင်ပြမှုအပေါ် အောက်တိုဘာ ၂၀ ရက်နေ့ ညဦးပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ မွန်ပြည်သစ်သတင်းစဉ်မှာ NCA ၈ နှစ်ပြည့်အခမ်းအနား ကျင်းပခဲ့မှုအပါအဝင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြတဲ့ အကြောင်းအရာတွေကို နိုင်ဗညားလယ်က ဖြေကြားခဲ့တာပါ။
နိုင်ဗညားလယ်က မွန်ဒေသမှာ တော်လှန်ရေးအင်အားစုတွေ ရောက်ရှိတာကို စစ်တပ်ကနေ သွားရောက်တိုက်ခိုက်ခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာအပြင် နေအိမ်ပျက်စီးတာတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရှေ့လျှောက်အဝေးကနေ လက်နက်ကြီးပစ်ခတ်မှုကို ထိန်းသိမ်းပေးဖို့ မွန်ပြည်သစ်ပါတီ တောင်းဆိုမှုအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလျင် အမြန်စုံစမ်းစိစစ်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူကို ညွှန်ကြားထားတယ်လို့ နိုင်ဗညားလယ်က ပြောကြားခဲ့ပါတယ်။
အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မွန်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း မွန်လူမျိုးတွေနေထိုင်ရာ ဒေသတွေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ၂၀ ထက်မနည်း ရှိခဲ့တာပါ။
ဒီလိုမျိုး စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိပေးဖို့ မွန်ပြည်သစ်ပါတီက အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ မွန်ပြည်နယ်အစိုးရကို ပြီးခဲ့တဲ့ ဇွန်တတိယပတ်တုန်းကလည်း တောင်းဆိုထားပါသေးတယ်။
မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခြားသော အပစ်ရပ်ထိုး EAO တွေနဲ့ အုပ်စုလိုက်ဖြစ်စေ တစ်ဖွဲ့ချင်းဖြစ်စေ ၆ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးခဲ့တာပါ။
NLD အစိုးရလက်ထက်မှာ အပစ်ခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီက လက်ရှိမှာစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို ရပ်တန့်ထားပေမယ့် နှစ်ဖက် ပစ်ခတ်တာမဖြစ်ဖို့ Bilateral အဆင့်နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP