ရေး၊ အောက်တိုဘာ(၂၁)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းနဲ့ရေးတံတားကြီးအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထံက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲအချိန် နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲပြီးနောက် ပြန်ဆုတ်လာတဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ကျုံလောင်းရွာဟောင်းအနီး နှစ်ဖက်တိုက်ပွဲ အချိန် ၂ နာရီနီးပါးအကြာ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောာင်စီဘက်က အရာရှိ ၂ ဦးအပါအဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး သေနတ် ၁၂ လက်အပြင် ခဲယမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကိုလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်က သိမ်းဆည်းနိုင်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်က ၁၂ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကစိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီစစ်ဆင်ရေးကိုတော့ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) ၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)နဲ့ ကျောင်းသားများတပ်တော် ABSDF အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ ကျုံလောင်းရွာသစ်နေ ဒေသခံအမျိုးသားတစ်ဦးဟာ နေအိမ်ထဲရှိနေစဉ် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အတွက် သေဆုံးခဲ့သလို နောက်ထပ်အမျိုးသားတစ်ဦးကလည်း လက်မောင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိုးသား ၂ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ရေးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ရေးမြို့နယ်၊ စံပြကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက် သေဆုံးတာတွေ ရှိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.