ဘီးလင်း – အောက်တိုဘာ(၂၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်၊ ခဲမောက်နဲ့ရွှေရောင်ပြကျေးရွာရှိ ကျေးရွာချင်းဆက် လမ်းပိုင်းနှစ်ခုကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ နီးပါး ပါတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၇ နာရီအချိန်လောက်မှာ ဒေါက်ရပ်-ခဲမောက်နဲ့ ရွှေရောင်ပြ-ခဲမောက် ကျေးရွာချင်းဆက်လမ်းပိုင်း နှစ်ခုကို ဘတ်ဟိုးနဲ့ထိုးပြီး လာရောက် ဖျက်ဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်-ခဲမောက်ကျေးရွာချင်းဆက်လမ်းပိုင်းကို အကျယ် ၄ ပေ၊ အနက် ၅ ပေကျော် တူးဖော်ဖျက်ဆီးခဲ့သလို ရွှေရောင်ပြ-ခဲမောက်လမ်းပိုင်းက ၂၅ ပေ အရှည်ရှိ တံတားတစ်စင်းနဲ့ လမ်းပိုင်း တစ်ခုကိုလည်း ဖျက်ဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ကတော့ အဲဒီလမ်းပိုင်းတွေကို အသုံးပြုပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေက တပ်ရင်းနဲ့ တပ်စခန်းတွေကို လာရောက် တိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျက်ဆီးသွားခဲ့တာပါ။

ဒါပေမဲ့ စစ်ကောင်စီ ဖျက်ဆီးလိုက်တဲ့ လမ်းပိုင်းတွေဟာ တော်လှန်ရေးအင်အားစုတွေ အသုံးပြုတာထက် ဒေသခံပြည်သူတွေက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ကျန်းမာရေးကိစ္စတွေအတွက် အများဆုံး အသုံးပြုနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျေးရွာချင်းဆက်လမ်းပိုင်း နှစ်ခု ဖျက်ဆီးမှုကြောင့် ခဲမောက်၊ ကြိုးဝိုင်း၊ ကဒီပု၊ သစ်ချတောင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် သွားရေးလာရေး အခက်အခဲဖြစ်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကျေးရွာချင်းဆက်လမ်းပိုင်း လာရောက်ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက ခြောက်လှန့်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က နောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ ကျိုက်ထို၊ဘီးလင်းနဲ့ သထုံမြို့နယ်တို့က ခရိုင်ချင်းဆက်လမ်းအပါအဝင် ကျေးရွာချင်းဆက်လမ်းပိုင်း ၁၀ ခုထက်မနည်း ဖျက်ဆီးထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.