ဘေဂျင်း၊ အောက်တိုဘာ(၂၂) 

အမေရိကန်နဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ထားတဲ့ ဗီယက်နမ်အနေနဲ့ နှစ်နိုင်ငံအကြား ထားရှိ ထားတဲ့ မိရိုးဖလာချစ်ကြည်ရေးရဲ့ အဓိက ရည်ရွယ်ချက်ကို မမေ့သင့်ဘူးလို့ သမ္မတရှီကျင်ဖျင် က ဗီယက်နမ် ဒုတိယအဆင့်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ 

တရုတ်နဲ့အမေရိကန်တို့ဟာ ဗီယက်နမ်အပါအဝင် အရှေ့ တောင်အရှနိုင်ငံတွေကို လွှမ်းမိုးဖို့ ကြိုးစားနေ ကြတာဖြစ်ပြီး ဗီယက်နမ်အစိုးရဟာလည်း ဝါရှင်တန်အစိုးရနဲ့အတူ ပြီးပြည့်စုံပြီး မဟာဗျူဟာကျတဲ့ မိတ်ဖက်ဆောင်ရွက်မှုကို အောက်တိုဘာလအတွင်း မြှင့်တင်ထားတာပါ။ 

ဗီယက်နမ်ဟာ တစ်ချိန်က ရန်သူဖြစ်ခဲ့တဲ့ အမေရိကန်ကို ရုရှား၊ တရုတ်တို့နဲ့တစ်တန်းတည်း ထားရှိဆက်ဆံလာမှုအပေါ် တရုတ်သမ္မတ သတိပေးပြောဆိုခဲ့ပါတယ်။ 

တရုတ်ဟာ ဗီယက်နမ်နဲ့အတူ ၁၉၅၀ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေးတွေရှိခဲ့သလို အစောပိုင်း ကိုလိုနီအုပ်ချုပ်သူတွေဖြစ်တဲ့ ပြင်သစ်နဲ့ နောက်ပိုင်း ဗီယက်နမ်စစ်ပွဲအတွင်း ဆိုင်ဂုံနဲ့အမေရိကန်တို့ကို ဆန့်ကျင်ရာမှာလည်း ကျောထောက်နောက်ခံပြုပေးခဲ့တာပါ။ 

“အမြဲတမ်းပြောင်းလဲနေတဲ့ နိုင်ငံတကာအခြေအနေနဲ့ ခက်ခဲစွာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းဖွံ့ဖြိုး တိုးတက်ရေးကို ရင်ဆိုင်ခဲ့ရသလို နှစ်နိုင်ငံအကြား မိရိုးဖလာချစ်ကြည်ရင်းနှီးမှုရဲ့ မူရင်းရည် ရွယ်ချက်ကို မမေ့သင့်ပါဘူး”လို့ တရုတ်သမ္မတရှီက အောက်တိုဘာ ၂၀ ရက်နေ့မှာ ဗီယက်နမ် သမ္မတ ဗွန်ဗန်သွန်ကို ပြောကြားခဲ့ပါတယ်။ 

ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးပြီးလျှင် ဗီယက်နမ်သမ္မတဗွန်ဗန်သွန်ဟာ နိုင်ငံရဲ့ ဒုတိယအဆင့် ခေါင်းဆောင်ဖြစ်ပြီး ဘေဂျင်းရဲ့ ခါးပတ်တကွင်း လမ်းတစင်းဖိုရမ်ကို တက်ရောက်ပြီးနောက် တရုတ်သမ္မတရှီနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

သမ္မတရှီရဲ့ ဟနွိုင်းကို သွားရောက်မယ့် ခရီးစဉ်အတွက် နှစ်ဖက်အာဏာပိုင်တွေက စီစဉ်နေ တယ်လို့ သိရပြီး အဲဒီခရီးစဉ်ဟာ အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလ အစပိုင်းလောက်မှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ 

“နှစ်ဖက်စလုံးကတော့ ပူးတွဲဆွေးနွေးတိုင်ပင်မှုရဲ့ နည်းနာတွေကို လိုက်နာသင့်ပါတယ်” လို့ သမ္မတရှီ က ဗီယက်နမ်သမ္မတကို ပြောကြားခဲ့ပြီး တရုတ်နဲ့ဗီယက်နမ်ဟာ ပထဝီဝင်အားသာချက် နဲ့စက်မှုလုပ်ငန်းတွေကို ဖြည့်တင်းဆောင်ရွက်နိုင်တဲ့ အခြေအနေကို အသုံးချသင့်တယ်လို့ ဆိုခဲ့ပါတယ်။ 

တရုတ်သမ္မတရဲ့ ဗီယက်နမ်ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မီဒီယာတွေမှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။ 

ဒါ့အပြင် ဘေဂျင်းမှာ အစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ ရုရှားသမ္မတပူတင်ကိုလည်း ဗီယက်နမ်ကိုလာလည်ဖို့ သမ္မတဗွန်ဗန်သွန်က ဖိတ်ကြားခဲ့ပြီး ပူတင်ကလည်း လက်ခံခဲ့ကြောင်း ဗီယက်နမ် နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၉ ရက်နေ့က ဖော်ပြပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.