နယူးယောက်- အောက်တိုဘာ ( ၂၂)
တရားရုံး နှုတ်အမိန့်အပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုကြောင့် အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်လ်ထရန့်ကို နယူးယောက်တရားရုံးက ဒဏ်ငွေ ဒေါ်လာငါးထောင် ချမှတ်လိုက် ပါတယ်။
သမ္မတဟောင်းထရန့်ဟာ တရားရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးကို လှောင်ပြောင်တဲ့ အွန်လိုင်းပို့စ် တစ်ခုကို ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် အောက်တိုဘာ ၂၀ ရက်နေ့မှာ တရားသူကြီး အော်သာအန်ဂွန်ရွန်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ရီပတ်ဘလီကန်တစ်ဦးဖြစ်တဲ့ မစ္စတာထရန့်ဟာ အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ခ်ရှက်မာနဲ့ တရားရုံးမှအမျိုးသမီးဝန်ထမ်းတစ်ဦး အတူတွဲရိုက်ထားတဲ့ပုံကို စုံတွဲခုတ်နေ တယ်ဆိုပြီး သူ့လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့တာပါ။
အရပ်ဘက်တရားရုံးမှာ အမှုရုံးချိန်းရက်ပေါင်းများစွာ တက်ရောက်ခဲ့ရတဲ့ ကန်သမ္မတဟောင်း ထရန့်ကို တရားသူကြီးက ဒီကိစ္စအတွက် သတိပေးလိုက်တာဖြစ်ပြီး ထရန့်အတွက်တော့ အဲဒီလို သတိပေးခံရတာဟာ ဒီတစ်ပတ်အတွင်း ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ထရန့်အနေနဲ့ တခြားသူတွေ သက်သေထွက်ဆိုချိန်မှာ စိတ်ပျက်လက်ပျက်ပုံစံ အမူအရာအားဖြင့် မကြာခဏ ဆိုသလို နှောင့်ယှက်တာတွေ လုပ်ခဲ့တာကြောင့်လည်း တရားသူကြီးက အမှုရုံးချိန်း တွေမှာ မကြာခဏ သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလအစောပိုင်းက အွန်လိုင်းမှာ ထရန့်ပိုစ်တင် လှောင်ပြောင်ခဲ့တဲ့ အဲဒီကိစ္စဟာ လူတစ်ဖက် သားကို မရိုးမသားနဲ့ ချိုးဖဲ့ရေးသားခဲ့တာကြောင့် ထောင်ချနိုင်တဲ့အထိ အရေးယူလို့ရတယ်လို့ တရားသူကြီးက သတိပေးခဲ့တာပါ။
အဲဒီပို့စ်ကို ဖယ်ရှားပေးဖို့ တရားရုံးက ထရန့်အား နှုတ်မိန့်ချမှတ်ခဲ့ပြီး ထရန့်ဟာ အဲဒီပို့စ်ကို သူရဲ့ ဆိုရှယ်မီဒီယာမှာ ဖျက်လိုက်ပေမယ့် ဝက်ဘ်ဆိုဒ်မှာ ကျန်ရှိနေခဲ့တာကြောင့် အခုလို ရုံးတော်က အမိန့်ချလိုက်တာဖြစ်ပါတယ်။
မစ္စတာအန်ဂွန်ရွန်က ထရန့်ရဲ့ ပိုစ့်ဟာ တရားရုံးကို မယုံကြည်မှုတွေ မီးလောင်ရာလေပင့်ဖြစ် စေနိုင်ပြီး ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့အတွက် ထရန့်ကို အရေးယူရတာဖြစ် တယ်လို့ တရားရုံးအတွင်းမှာ ပြောကြားခဲ့တာပါ။
ထရန့်ရဲ့ရှေ့နေ ခရစ္စတိုဖာက သူ့အမှုသည်ကိုယ်စား တောင်းပန်ခဲ့ပြီး ထရန့်အနေနဲ့ ပို့စ်ကို ဆိုရှယ်မီဒီယာမှ ဖျက်လိုက်ပေမယ့် သူ့လက်ထောက်တွေက ပို့စ်ကို မဲဆွယ်စည်းရုံးရေး ဝက်ဘ်ဆိုက်မှ ဖယ်ရှားဖို့ လိုသွားခဲ့တာ ဖြစ်လို့ မတော်တဆမှားယွင်းမှုသာဖြစ်တယ်လို့ တောင်းပန်စကားဆိုခဲ့ပါတယ်။
တရားသူကြီးကတော့ ဒီဖြစ်ရပ်ဟာ ထရန့်ရဲ့ပထမဆုံးအကြိမ် ချိုးဖောက်မှုဖြစ်နေတာကြောင့် ထောင်ဒဏ်အစား ဒဏ်ငွေပေးဆောင်ဖို့သာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ရည်ရွယ်ချက်ရှိရှိ မရှိရှိ တရားရုံးအမိန့်ကို ထပ်မံချိုးဖောက်ပြီး တရားရုံးကိုမထီမဲ့မြင်ပြုပါက ပိုမိုပြင်းထန်တဲ့ ဒဏ်ငွေ ပြစ်ဒဏ်တွေ၊ ထောင်ဒဏ်ချတာတွေအထိ လုပ်ဆောင်သွားမယ်လို့ တရားရုံးရဲ့စီရင်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာ မစ္စတာထရန့်နဲ့ မိသားစုဝင်တွေဟာ လိမ်လည်မှု၊ စီးပွားရေး မှတ်တမ်းတွေကို အတုလုပ်တာ၊ ငွေရေးကြေးရေးရှင်းတမ်း အတုလုပ်တာနဲ့ အခြားသော ငွေကြေးဆိုင်ရာ ပူးပေါင်းကြံစည်မှု အတော်များများအတွက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Ref;BBC