ဘန်ကောက်၊ အောက်တိုဘာ(၂၀) 

နှစ်နိုင်ငံအကြား ချစ်ကြည်ရေး မြှင့်တင်နိုင်ဖို့ ထိုင်းဝန်ကြီးချုပ်ဆရီထာ သာဗီဆင်က ရုရှား သမ္မတ ပူတင်ကို ထိုင်းနိုင်ငံသို့ လည်လာဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဘေဂျင်းအစည်းအဝေးမှာ ရုရှားသမ္မတနဲ့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ 

သူတို့နှစ်ဦးရဲ့ အဲဒီအကြိမ်တွေ့ဆုံမှုဟာ ရုရှားနဲ့ ထိုင်းတို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ တွေ့ဆုံခဲ့တာပါ။

 “ထိုင်းနိုင်ငံအတွင်းမှာ စိုက်ပျိုးရေးကဏ္ဍ အပြန်အလှန်ကုန်သွယ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ ရုရှားကို ပြောဆိုခဲ့ပါတယ်”လို့ ဝန်ကြီးချုပ်ဆရီထာက သူ့ရဲ့လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။ 

ပူတင်နဲ့တွေ့ဆုံစဉ်မှာ ထိုင်းဝန်ကြီးချုပ်ဆရီထာက အခုနှစ်အတွင်း ထိုင်းနိုင်ငံကို ရုရှားနိုင်ငံသား တစ်သန်းကျော် လာရောက်လည်ပတ်ထားပြီး ထိုင်းအစိုးရအနေနဲ့လည်း ရုရှားဧည်သည့်တွေကို ဗီဇာကင်းလွတ်ခွင့် ရက် ၃၀ ကနေ ရက် ၉၀ အထိ တိုးပေးခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ 

ရုရှားသမ္မတပူတင်ကတော့ ထိုင်းနဲ့ ရုရှားကြား အနီးကပ်ဆက်ဆံရေးကို ကာလရှည်ကြာ တည် ဆောက်လာတဲ့ အတွက် ဂုဏ်ယူပြီး အထူးသဖြင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနဲ့ ခရီးသွားကဏ္ဍ တွေ ပူးပေါင်းဆောင်ရွက်မှုတွေ မှာ နှစ်ဖက်စလုံးက အာရုံစိုက်ဖို့ လိုအပ်တယ်လို့ ပြန်လည်ပြော ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

နိုင်ငံရေးအပိုင်းနဲ့ ပတ်သက်လို့တော့ နှစ်နိုင်ငံလုံခြုံရေးကောင်စီတွေရဲ့ ပုဂ္ဂိုလ်တွေအကြား အသိပညာနဲ့ အတွေ့အကြုံတွေစဉ်ဆက်မပြတ် ဖလှယ်ရေးကို နှစ်ဖက်စလုံးက ထောက်ခံအား ပေးတယ်လို့ သိရပါတယ်။ 

The Nation Thailand ရဲ့ ဖော်ပြချက်အရ ရုရှားသမ္မတဟာ ဖူးခက်ကို နှစ်သက်သလို ပုံမှန်လာရောက်လေ့ရှိကြောင်းနဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားမှုအပေါ် ပူတင်ကလည်း ကျေးဇူးတင်စကားကို ထိုင်းလိုပြောပြီး နှုတ်ဆက်ခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ 

Ref – Thai PBS World, The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.