ပဲခူး၊ အောက်တိုဘာ(၁၄)
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧကသောင်းနဲ့ချီ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ပဲခူးတိုင်းဒေသကြီး တာဝန်ရှိသူထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၈ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ကြောင့် ပဲခူးမြို့နယ်အတွင်း စံချိန်တင်ရေကြီးမှုနဲ့ ကြုံခဲ့ရပြီး မိုးစပါးစိုက်ဧက သောင်းနဲ့ချီ ရေနစ်မြှုပ်ခဲ့တာပါ။
လတ်တလော ကောက်ခံယူထားတဲ့ စာရင်းတွေအရ ပဲခူးမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၂၀,၀၀၀ နီးပါးပျက်စီးထားပြီး စာရင်းမကောက်ရသေးတဲ့ ဒေသတွေလည်း ရှိသေးတယ်လို့ ပဲခူးတိုင်းဒေသကြီးဆန်စပါးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧကမှာပါဝင်တဲ့ တောင်သူတွေအတွက် ပဲခူးတိုင်းအစိုးရနဲ့ ဆန်စပါးအသင်းချုပ်ပူးပေါင်းပြီး မျိုးစပါး၊ ငွေကြေး၊ ဓာတ်မြေသြဇာနဲ့ အခြားဆက်စပ်ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ရေကြီးနစ်မြုပ်သွားတဲ့ မိုးစပါးစိုက်ခင်းတွေဟာ လာမယ့်လအတွင်း ရိတ်သိမ်းတော့မှာဖြစ်ပြီး အခုလို ရေနစ်ပျက်စီးသွားတဲ့အတွက် အရှုံးကြီးရှုံးကြမယ်လို့ တောင်သူတစ်ဦးက ပြောဆိုပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP အဆိုအရ ပဲခူးရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက ၅၀၀၀၀ နီးပါး ထိခိုက်ပျက်စီးဆုံးရှုံးဖွယ်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းဒေသကြီးဟာ နှစ်စဉ်မိုးစပါး စိုက်ဧက ၂ သန်းကျော်ရှိပြီး စပါးတန်ချိန် သိန်းနဲ့ချီထွက်ရှိတဲ့ တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MFSD