ကော်သူးလေ၊ အောက်တိုဘာ(၁၄)

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဟာ အရင်ကလို စစ်ရေးထိုးစစ်ဆင်လှုပ်ရှားမှုမျိုး မလုပ်ဆောင်နိုင်တော့သလို နယ်မြေဆုံးရှုံးမှုလည်း ပိုများလာခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDOတို့ကြား တိုက်ပွဲအကြိမ်တစ်သောင်းနီးပါး ဖြစ်ပွားထားတာပါ။

အဲဒီထဲမှာ အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၃၅၀၀ ကျော်အထိ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က ထောင်နဲ့ချီတဲ့စစ်သားတွေ သေဆုံးခဲ့တာပါ။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ သူတို့ရဲ့အခြေစိုက် တပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်ရမယ်ဆိုပါက မြေပြင်ကုန်းကြောင်းကနေတဆင့် ပို့ဆောင်လို့မရတော့ဘဲ နေရာအများစုမှာ ရဟတ်ယာဉ်ကိုသာ အားကိုးအသုံးပြုပြီး ရိက္ခာပို့ဆောင်နေခဲ့ရတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“သူတို့(စစ်ကောင်စီတပ်)ဟာ အရင်တုန်းကလို ထိုးစစ်တွေဘယ်လိုမှမဆင်နိုင်တော့ဘူး။ သူတို့သွားချင်တဲ့နေရာတွေကို မသွားနိုင်တော့ဘူး။ တပ်တွေကလည်း တပ်စခန်းထဲမှာ အကုန်လုံးမရောက်သေးသည့်တိုင် ဒီတပ်စခန်းထဲမှာ ဟိုသွားဒီသွားလည်း မလုပ်နိုင်တော့ဘူး။ ငြိမ်ငြိမ်ပဲနေရတဲ့အနေအထားမှာ ရှိတယ်။ သူတို့ရိက္ခာပို့ရမှာတောင် ကုန်းကြောင်းနဲ့ မြေပြင်မှာပို့လို့မရပဲနဲ့ နေရာတော်တော်များမှာ ရဟတ်ယာဉ်နဲ့ပဲ အားကိုးနေရတဲ့အနေအထား ရောက်လာတယ်လေ။ နောက်ပြီးတော့ တိုက်ပွဲတွေဖြစ်မယ်ဆိုရင်တောင်မှ ကျေးလက်ဒေသ ဒီစခန်းတွေမှာ မဖြစ်တော့ပဲနဲ့ ဟိုးတကယ့် ဟိုလမ်းမကြီးတွေပေါ်မှာပဲ တိုက်ပွဲတွေပြန်ဖြစ်တော့တယ်ဆိုတာ အထင်အရှားဖြစ်လာပြီ။ ဆိုလိုတာက သူတို့ဘယ်လိုမှ အရင်တုန်းကလို မလှုပ်ရှားနိုင်တော့တာကို ပြောတာပါ။ ဆိုတော့ အဲ့ဒီလိုအခြေအနေမျိုးမှာ သူတို့ဘက်က ကျဆင်းလာတဲ့ဒီအခြေအနေမျိုးဟာ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ပိုပြီးတော့များလာတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့ အနေအထားကလည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့အထဲကို ပိုပြီးတော့ ဝင်ဆံ့လာနိုင်တယ်ဆိုတာ မျက်မြင်သက်သေပဲလေ။ ဒါကအလကားပြောနေတာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဆင်နွဲနေတဲ့တိုက်ပွဲက တရွေ့ရွေ့တရွေ့ရွေ့နဲ့ ရှေ့ကို ရွေ့သွားနေတယ်ဆိုတာကတော့ ပြည်သူလူထုကို အသိပေးချင်ပါတယ်” လို့ သူက ပြောပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီး အချိန်ကစပြီး မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှုအ တိုင်းအတာနှစ်ခုစလုံးမှာ မှေးမှိန်ကျဆင်းလာနေပြီး KNU မဟာမိတ်တို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဟာ တပ်စခန်း ၆၂ ခုအထိ လက်လွတ်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ KNU ဘက်က ထိန်းချုပ်မှု ပိုမိုရရှိလာခဲ့တာသာမက ရန်ကုန် နေပြည်တော်အကြားရှိ အဓိကကျတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်မှုပိုမိုရရှိလာနိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း KNU နယ်မြေအတွင်းရှိ သံလွင်မြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းအများစုကို KNU က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း နယ်မြေဒေသ ၇၀ ရာခိုင်နှုန်း ကျော်အထိ စိုးမိုးထိန်းချုပ်ထားနိုင်သလို စစ်တောင်းမြစ်အနောက်ဘက်ခြမ်းအထိကိုလည်း KNU တပ်တွေ ထိုးဖောက်လာနိုင်ပြီး တိုက်ပွဲတွေ တောက်လျှောက်ဖော်ဆောင်လာနိုင်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ဒါ့အပြင် KNU တပ်မဟာ ၁ သထုံခရိုင်ထဲမှာလည်း အတွင်းပိုင်းဒေသထဲကို စစ်ကောင်စီတပ်စစ် ကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မလုပ်ဆောင်နိုင်တော့သလို မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းတလျှောက်မှာလည်း အရင်ကမထိန်းချုပ်နိုင်ပေမယ့် လက်ရှိမှာ KNU တပ်တွေ ထိန်းချုပ်ထားနိုင်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်လာနိုင်နေတယ်လို့ ပြောပါတယ်။

အခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လတာအတွင်း စစ်ကောင်စီတပ်နဲ့ KNLA /KNDO တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၃၅၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၈၆၅ ဦး သေဆုံးကာ ၂၂၆၀ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားတဲ့ တိုက်ပွဲစာရင်းချုပ်အရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.