ကော့ကရိတ်၊ အောက်တိုဘာ(၁၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအရှေ့မှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က တိုက်ပွဲမရှိဘဲ စာသင်ကျောင်းဝင်အရှေ့ဘက်ခြမ်းကို ဒရုန်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အချိန်ဟာ ကျောင်းလွှတ်ချိန်ဖြစ်တာကြောင့် ကျောင်းသူတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူ မမိုးမိုးအေးသေဆုံးပြီး ပထမတန်းကျောင်းသူတစ်ဦးအပါအဝင် ကျောင်းသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

သေဆုံးသွားတဲ့ကျောင်းသူ မမိုးမိုးအေးကို ကော့ကရိတ်ဆေးရုံထံ ပို့ဆောင်ထားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ပထမတန်းကျောင်းသူ မဝေဝေနှင်းနဲ့ ၁၀ တန်းကျောင်းသူ မစုရင်အေးတို့ကို ဘားအံပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

ဒရုန်းဗုံးမကြာခဏ ပေါက်ကွဲလေ့ရှိတဲ့ ကော့ကရိတ်မြို့နယ်မှာတော့ ဒရုန်းစစ်ဆင်ရေးတွေကို စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ လုပ်ဆောင်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ကလည်း ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်ထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မှာ စားစရာလာပြန်ယူတဲ့ စစ်ရှောင်ဒေသခံ လင်မယား ၂ ဦး သေဆုံးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.