စစ်ကိုင်း၊ အောက်တိုဘာ(၁၃)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၁ ဒသမ ၇ သန်းနီးပါးအထိ ရှိလာတယ်လို့ ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

UNOCHA အဆိုအရ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပြီး ရှိ ရင်းစွဲနေရပ်စွန့်ခွာနေ ရသူ ၁ ဒသမ ၃ သန်းနဲ့ ပေါင်းလိုက်ရင် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးပါးအထိ ရှိလာတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း နိုင်ငံအရှေ့တောင်ဘက်မှာ လူဦးရေ ၄,၈၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံအနောက်မြောက်ဖက်ရှိ စစ်ကိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာ လက်နက်ကိုင်တိုက် ပွဲတွေကြောင့် လူဦးရေ ၁၃,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့အနီး စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးရသူတွေဖြစ်တဲ့ အမျိုးသမီးနဲ့ကလေးသူငယ်တွေ အပါအဝင် အရပ်သားဒါဇင်နဲ့ချီ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာတစ်ရွာနဲ့ လူပေါင်း ၆,၀၀၀ ကျော်နေထိုင်တဲ့ အနီးနားရှိ ရွှေ့ပြောင်းအခြေချစခန်းကိုလည်း ထိခိုက်ခဲ့တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေသခံတွေက အနီးနားရှိ သစ်တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ တခြားအခြေခံပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။

ကယားပြည်နယ်ရှိ အဓိကလမ်းတွေဟာ တိုက်ပွဲတွေကြောင့် ပိတ်ဆို့နေပြီး ရှမ်း-ကယားနယ်စပ်တလျှောက်ရှိကျေးရွာတွေက ဒေသခံတွေအနေနဲ့ လူမှုကယ်ဆယ်ရေးပစ္စည်း ပြတ်လပ်မှုတွေ ကြုံနေရသလို လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်တွေကိုလည်း အဟန့်အတားဖြစ်နေတယ်လို့ သိရပါတယ်။

အခုပထမနှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေဟာ ရွှေ့ပြောင်းအ ခြေချ ပြည်သူ ၇၀၀,၀၀၀ အပါအဝင် လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို အကူအညီပေးနိုင်ခဲ့ပေမယ့် ထပ်တိုးရန်ပုံငွေများစွာ လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.