ဂျေရုစလင်၊ အောက်တိုဘာ (၁၄)
ဂါဇာနဲ့လက်ဘနွန်ကို စစ်ဆင်ရေးပြုလုပ်ရာမှာ အရပ်သားတွေကို ပြင်းထန်တဲ့ ရေရှည်ထိခိုက်မှု အန္တရာယ်ဖြစ်စေတဲ့ အဖြူရောင်ဖော့စဖရပ် ခဲယမ်းတွေကို အစ္စရေးက အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ စွပ်စွဲခဲ့ပါတယ်။
အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကို မေးမြန်းရာမှာတော့ ဂါဇာကမ်းမြောင် ဒေသမှာ အဖြူရောင် ဖော့စဖရပ်စ်ပါတဲ့ လက်နက်တွေ အသုံးပြုမှုကို လောလောဆယ် မသိရှိ ကြောင်းသာပြောဆိုခဲ့ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ စွပ်စွဲချက်တွေကိုတော့ တုံ့ပြန် ပြောဆိုခြင်း မရှိခဲ့ပါဘူး။
အခုသီတင်းပတ်အတွင်းက အနည်းဆုံး လူ ၁၃၀၀ သေဆုံးခဲ့ရတဲ့ အစ္စရေးတောင်ပိုင်းမြို့တွေကို ဟားမတ်စ် တို့ရဲ့ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တဲ့အနေဖြင့် ဂါဇာကိုအစ္စရေးက ဗုံးကြဲတိုက် ခိုက်လျက်ရှိနေပြီး ပါလက်စတိုင်းဘက်ခြမ်းမှ လူ ၁၅၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က လက်ဘနွန်နဲ့ အောက်တိုဘာ ၁၁ ရက်က ဂါဇာကမ်းမြောင် ဒေသမှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ဂါဇာမြို့ ဆိပ်ကမ်းနဲ့ အစ္စရေး-လက်ဘနွန်နယ် စပ်တစ်လျှောက် ကျေးလက်ဒေသနှစ်ခုမှာ အမြောက်နဲ့ ပစ်ခတ်ရာတွင် အဖြူရောင် ဖော့စဖရပ်စ် တွေပေါက်ကွဲခဲ့တာကို ဖော်ပြထားကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
၁၅၅ မီလီမီတာ အဖြူရောင်ဖော့စဖရပ်စ် အမြောက်ကျည်တွေကို မီးခိုးတန်းများ၊ အမှတ်သင်္ကေ တပြုခြင်း သို့မဟုတ် အချက်ပြခြင်းတို့အတွက် အသုံးပြုနေတယ်ဆိုပြီး ဆိုရှယ်မီ ဒီယာမှာ တင်ထားတဲ့ ဗီဒီယိုနှစ်ခု ရဲ့လင့်ခ်တွေကို ဖော်ပြထားပြီး အစ္စရေး-လက်ဘနွန်နယ်စပ်အနီးရှိ မြင်ကွင်းနှစ်ခုစလုံးကို မြင်တွေ့ခဲ့ရကြောင်း ဆိုပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဟာ ဂါဇာရှိစွပ်စွဲချက်တွေအတွက် ဗီဒီယိုကိုမဖော်ပြခဲ့ပေမယ့် ပါလက်စတိုင်း ရုပ်သံလိုင်းတွေကတော့ ဂါဇာကမ်းမြောင်ဒေသရှိ ကောင်းကင်ယံမှာ မီးခိုးဖြူအမှုန်အမွှားများ ဖော်ပြတဲ့ ဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဖြူရောင် ဖော့စဖရပ် ခဲယမ်းတွေကို စစ်မြေပြင်မှာ မီးခိုးမျက်နှာပြင်တွေပြုလုပ်ဖို့ ပစ်မှတ် တွေကို အမှတ်အ သားပြုဖို့ ဒါမှမဟုတ်ကတုတ်ကျင်းတွေနဲ့ အဆောက်အဦးတွေကို မီးရှို့ဖို့ အတွက် တရားဝင်အသုံးပြုနိုင် တာဖြစ်ပါတယ်။
ဖော့စဖရပ်ဖြူခဲယမ်းကို နိုင်ငံတကာ ကွန်ဗင်းရှင်းများအောက်မှာ ဓာတုလက်နက်အဖြစ် တားမြစ်မထားပေမယ့် ဒါက ပြင်းထန်တဲ့ လောင်ကျွမ်းခြင်းတွေကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။
အဖြူရောင် ဖော့စဖရပ်ကို အချို့သောသမားရိုးကျ လက်နက်တွေအသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်အောက်မှာ လောင်စာလက်နက်အဖြစ် သတ်မှတ်ထားပါတယ်။
အစ္စရေးက အဲဒီသဘောတူညီမှုကို လက်မှတ်မထိုးရသေးပေမယ့်လည်း အရပ်သားတွေ ကြားမှာရှိတဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို လောင်စာ လက်နက်တွေအသုံးပြုခြင်းကို တားမြစ်ထားတာဖြစ်ပါတယ်။
Ref: Reuters