ရန်ကုန် – အောက်တိုဘာ(၁၃)

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ပိုင် မြန်မာဘီယာစက်ရုံကို ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation(U.S.O) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၂) ရက်နေ့ ညပိုင်းမှာ Urban Special Operation(U.S.O)က (၁၀၇)မမ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုထားတာပါ။

Urban Special Operation(U.S.O) တိုက်ခိုက်ခဲ့တဲ့ မြန်မာဘီယာစက်ရုံဟာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတွေ အများဆုံးရှိတဲ့ မင်္ဂလာဒုံမြို့နယ််မှာ အခြေစိုက်ထားတာဖြစ်တယ်လို့သိရပါတယ်။

ရှော့တိုက်ဒုံးနှစ်လုံး စက်ရုံဝင်းအတွင်း ကျရောက်ခဲ့တဲ့အတွက် အထိအခိုက်ရှိနိုင်ပြီး လူနာတင်ယာဉ်(၂) စီးလည်း စက်ရုံထဲသွားတာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစစ်ဆင်ရေးကို ပြည်သူ့ဘက်တော်သား ဖရဲသီးရဲ့ သတင်းပေးပူးပေါင်းလမ်းပြကူညီပေးမှုနဲ့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာဘီယာဟာ စစ်ကောင်စီတပ်ရဲ့အဓိကစီးပွားရေးထောက်တိုင်တခုဖြစ်သလို ပြည်သူတွေကို မတရားခြိမ်းခြောက် ရောင်းချနေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။

ပြည်သူတွေကို မတရားမှုတွေပြုလုပ်ဖို့ ကြံဆောင်နေတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေ အပြင် ပတ်သက်ဆက်နွယ်သူတွေကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် စစ်ဆင်ရေးတွေ ဆက်လက် ဖော်ဆောင်သွားမှာဖြစ်တယ်လို့ Urban Special Operation(U.S.O)က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.