မော်လမြိုင်၊ အောက်တိုဘာ(၁၃)

အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံရေးက မထွက်မချင်း တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ဖြစ်တဲ့ KNU ၊ CNF နဲ့ ABSDF တို့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ပူးတွဲကြေညာထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဦးဆောင်ကျင်းပသွားမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘော တူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနားအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုး သားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က ပူးတွဲသဘောထားထုတ်ပြန်စဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒီအဖွဲ့ ၃ ဖွဲ့က အာဏာသိမ်းမှုဟာ NCA အခြေခံမူနဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးခြင်းဖြစ်သလို ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုလည်း ပျယ်ပြယ်စေတဲ့အတွက် NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေ ရပ်တန့်သွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် NCA စာချုပ် ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေပြီး စစ်တပ်ကငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်လိုက်ကြောင်း ပေါ်လွင်စေတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

NCA စာချုပ်ကို အခြေခံပြီး ဟန်ပြအကောင်အထည်ဖော် ဆွေးနွေးပွဲတွေ လုပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသယောင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲတွေလုပ်တာဟာ နိုင်ငံရဲ့အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခကိုရှည်လျားအောင် ပြုလုပ်နေတာလို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် KNU ၊ CNF နဲ့ ABSDF တို့ဟာ လက်ရှိနိုင်ငံရေးပြဿနာမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု ထူထောင်ရေးဆိုင်ရာ ဘုံနိုင်ငံရေးရည်မှန်းချက် ၅ ချက်နဲ့ ဘုံနိုင်ငံရေးရပ်တည်ချက် ၆ ချက် ချမှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘုံနိုင်ငံရေးရည်မှန်းချက် ၅ ချက်မှာတော့ နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ဖို့၊ စစ်တပ်ကို ပြန် လည်ပြင်ဆင်ဖွဲ့စည်းပြီး ရွေးကောက်ခံ အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝထားဖို့၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းဖို့ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးစတဲ့အချက်တွေ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်ကို လက်ခံပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးအသတ်ခြင်းမရှိဘဲ ဒါမှမဟုတ် အဆုံးမသတ်ဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ဖို့ မရှိဘူးလို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေးအတွင်း ပါဝင်သူတွေဟာ စနစ်အပြောင်းအလဲကို လိုလားသည်သာမက၊ စစ်အာ ဏာရှင်စနစ်မှ နောက်ပုံစံသို့ ပြောင်းလဲတာ ဒါမှမဟုတ် အာဏာရှင်အရပ်သား အစိုးရပုံစံဖြင့် ပြောင်း လဲမှုကိုပင် လက်ခံဖို့မရှိသလို နိုင်ငံရေးအခွင့်ထူးခံတွေ အချင်းချင်းပြုလုပ်တဲ့ အာဏာခွဲဝေမှုတွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ကြေညာထားတာ ဖြစ်ပါတယ်။

KNU ၊ CNF နဲ့ ABSDF တို့ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင် တော်လှန်ရေးအင်အားစုတို့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ထုတ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.