မော်လမြိုင်၊ အောက်တိုဘာ(၁၃)

လာမယ့်မိုးစပါးနဲ့နွေစပါးတွေအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကျပ် ၇ သိန်းခွဲ သတ်မှတ်မှုဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိသလို စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အရှုံးကြီးရှုံးအောင် လုပ်ဆောင်နေတာလို့ တောင်သူတွေက အပြင်းအထန်ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က လာမယ့် ၂၀၂၃ မိုးစပါးနဲ့ ၂၀၂၄ နွေစပါးတို့ကို စပါးတင်း ၁၀၀ လျှင် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအဖြစ် ကျပ် ၇ သိန်းခွဲ သတ်မှတ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ရတာဟာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ တောင်သူလယ်သမားတွေအတွက် သင့်တင်မျှတတဲ့ ဈေးနှုန်းနဲ့ဈေးကွက်ဖြစ်အောင် ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်း စပါးဈေးနှုန်းအပေါ်မှာ ရှိနေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်သလို ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက်ရောက်နေပါက အခြေခံဈေးနှုန်း အတိုင်းဝယ်ယူရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တောင်သူလယ်သမားတစ်ဦးကတော့ အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်မှုဟာ တောင်သူတွေကို အရှုံးပေါ်အောင် လုပ်ဆောင်နေတာဖြစ်သလို စိုက်ပျိုးစရိတ်ကြီးမြင့်နေတဲ့အခြေအနေမှာ ဈေးနှုန်းမတရားဖိနှိပ်မှုဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီဈေးနဲ့ဆိုရင်တော့ လယ်သမားအကျိုးစီးပွားတော့ တကယ်ဆုတ်ယုတ်ပြီ။ ကျွန်တော်တို့မှာ စပါး (၁၀၀) ဆိုရင် (၂)ဧကစာလောက်မှ စပါး (၁၀၀) ပြည့်မှာ။ တစ်ဧကကို အတင်း(၅၀) လောက်ပဲထွက်တယ်။ တစ်ဧကဆိုရင် (၄)သိန်းပတ်ခြာလည်လောက်ကျတော့ စပါးက တစ်ဧက(၅၀)ပဲ ထွက်မယ်ဆိုရင် (၃၇၅၀၀၀)ပဲရမယ်။ အရှုံးပေါ်ပြီပေါ့။၊ ဒါလုပ်အားခတွေဘာတွေ ဒီကကောက်ပြီးတော့ လုပ်ရတဲ့ဟာတွေအတွက်ကိုစိုက်ရပြီး ရှုံးပြီပေါ့။ ၇သိန်းခွဲပဲသတ်မှတ်တယ်ဆိုရင်တော့ ကျွန်တော်တို့လယ်သ မားတွေကတော့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်တော့ဘူး။ စိုက်စရိတ်၊ ရိတ်စရိတ်၊ မျိုးစေ့ဖိုးနဲ့ အခုလည်း စပါးတွေက မိုးမလွတ်သေးတော့လေ ရိတ်လို့မရသေးတော့ အပျက်အစီးလည်း နည်းနည်းများမယ်။ အဲဒီမှာမှ ဈေးကမတရားကြီးနိမ့်ပြီးတော့ တကယ့်တကယ် သူတို့သတ်မှတ်တဲ့ ဈေးအတိုင်းပဲ ဖြစ်ခဲ့မယ်ဆိုရင်တော့ တော်တော်လေးကို အဆင်မပြေဖြစ်ပြီ”လို့ ဆို ပါတယ်။

စပါးစိုက်ပျိုးရာမှာ စစ်ကောင်စီလက်ထက် သွင်းအားစုစရိတ် အဆမတန်မြင့်တက်နေတာ၊ အထွေ ထွေ ကုန်ကျစရိတ်တွေ ကြီးမြင့်နေတာအပြင် ရာသီဥတုနဲ့ သဘာဝဘေးတွေကြောင့်လည်း စပါးအ ထွက်နှုန်း လျော့ကျနေတဲ့အခြေအနေမှာ အခုလိုအနိမ့်ဈေးနှုန်း သတ်မှတ်တာဟာ လုံးဝမဖြစ်သင့်ဘူးလို့ သူကဆက်ပြောပါတယ်။

နောက်ထပ် တောင်သူလယ်သမားတစ်ဦးကလည်း စိုက်ပျိုးစရိတ်တွေ မြင့်တက်နေချိန်မှာ အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကျပ် ၇ သိန်းခွဲသတ်မှတ်မှုအပေါ် မယုံနိုင်စရာဖြစ်ရသလို တောင်သူတွေ အရှုံး ကြီးရှုံးမယ့်အခြေအနေဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စပါးက၇သိန်းခွဲဈေးပြောတာ ကျွန်တော်တို့အတွက် မယုံနိုင်စရာပေါ့။ ဒီမှာလုပ်ရကိုင်ရတာ အကုန် လုံးနဲ့ဆိုရင် တခြားစီဖြစ်နေကုန်ပြီ။ ကျွန်တော်တို့ မှန်းထားတာကတစ်မျိုး။ အဲဒီလောက်ထိ မဖြစ်နိုင်ဘူးထင်တာပေါ့။ အခုသူတို့ ရုတ်တရက်ကြီး ပြောတယ်ဆိုတော့ ကျွန်တော်တို့လည်း ဘယ်လိုတက်နိုင်မလဲ။ အစစအရာရာ နစ်နာတာပေါ့။ ဘယ်လိုမှလည်း ချိန်ဆလို့မရဘူး။ စိုက်စရိတ်၊ ဝဲစရိတ်တွေဘာတွေ အကုန်လုံးအစစ အရာရာပေါ့လေ၊ ဈေးကဒီလောက် ကြီးမားနေတာ။ စပါးဈေးဒီလောက်နဲ့ဆို ဘယ်လို လုပ်စားတော့မလဲ။ ၇သိန်းခွဲက ဘာမှလုပ်လို့မရဘူး။ တစ်ဧကကို လေးငါးခြောက်သိန်းက ပုံမှန်ကုန်တယ်။ ထွက်တဲ့စပါးဈေးနဲ့ဆို တွက်ကြည့်ပေါ့၊ စပါးအလေအလွင့် ဖြစ်သွားရင် ပိုဆိုးသွားရော တစ်ခါတည်း။ ဒီလောက်ဈေးနဲ့ သူသတ်မှတ်တာ ရှုံးတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ရည်ညွှန်းစပါးဈေးနှုန်းတွေ သတ်မှတ်ရာမှာ မြေပြင်မှာဖြစ်ပေါ်နေတဲ့ စိုက်ပျိုးစရိတ်တွေကို ကွင်းဆင်းလေ့လာပြီး မတွက်ချက်ဘဲ စစ်ကောင်စီအလိုကျ ကုန်ဈေးနှုန်းတွေ ကျဆင်းနေတဲ့ပုံစံနဲ့ တွက်ချက်တာဟာ တောင်သူတွေကို ရှုံးသထက်ရှုံးအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တောင်သူ လယ်သမားတွေက ဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အခြေခံရည်ညွန်းစပါးဈေးနှုန်းအဖြစ် ဆန်ကြမ်းအုပ်စုဝင် ဧည့်မ ထနဲ့ ငစိန်တို့ ကို တင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းကနေ ၁၅ သိန်းအထိ၊ ပေါ်ဆန်ကိုတော့ ကျပ် ၁၆ သိန်းကနေ သိန်း ၂၀ အထိ ဈေးနှုန်းသတ်မှတ်ကြောင်း ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ရဲ့ အ ခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်ချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ ဆန်စပါးတွေကို ထိန်ချုပ်ဖို့အတွက် ပြည်တွင်းရှိ တစ်နေရာထဲမှာ ဆန်တန်ချိန် ၅၀ နဲ့ စပါးတင်း ၅၀၀၀ အထက် သိုလှောင်ပါက မှတ်ပုံတင်ခိုင်းတာတွေ ပြုလုပ်နေသလို ဆန်းစပါးဥပဒေပြဌာန်းဖို့ မြို့ကြီးတချို့မှာ ဆွေးနွေးတာတွေလုပ်ဆောင် ထားပါတယ်။

သတင်း – သံလွင်တိုင်း

မ်ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.