နေပြည်တော်၊ အောက်တိုဘာ(၁၃)

အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ကျင်းပသွားမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနားကို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ တက်ရောက်သွားမယ်လို့ အပစ်ရပ်အဖွဲ့ PPST ထံကနေ သိရပါတယ်။

အပစ်ရပ်ထိုး ၇ ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ဖြစ်ပါတယ်။

အဲဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင် စီနဲ့ အုပ်စုလိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းဖြစ်စေ ၆ ကြိမ်ထက်မနည်း ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် အပစ်ခတ်ရပ်စဲရေးစာချုပ် NCA နှစ်ပတ် လည်အခမ်းအနားကို စစ်ကောင်စီက အနှစ်သာရရှိစွာကျင်းပဖို့ နိုင်ငံတကာအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့တာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ နန်းယဉ်ယဉ်စိုးကတော့ အခမ်းအနားပြီးရင် NCA နဲ့ ပတ်သက်တဲ့ အားသာချက် အားနည်းချက်တွေအပါအဝင် ရှေ့ဆက်ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ ဆွေးနွေးပွဲရှိမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်မတို့အခမ်းအနားပြီး မွန်းလွဲပိုင်းဆိုရင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ရှိပါတယ်။ အားလုံးပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကတော့ မွန်းလွဲပိုင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒါကတော့ အခမ်းအနားတက်ရောက်တဲ့လူတွေထဲကနေ လက်ရှိ NCA ဖြစ်စဉ်မှာ တောက်လျှောက်ပါဝင်ခဲ့တဲ့ လူတွေပါမယ်၊ ပညာရှင်တွေပါမယ်။ ပြီးတော့မှ Stakeholder တွေ အသီးသီးပါမှာပေါ့။ အလုပ်ရုံဆွေးနွေးပွဲဆိုတာထက် NCA နဲ့ ပတ်သက်ပြီး ဖော်ဆောင်ခဲ့တဲ့ အနေအထားတွေ အားသာချက်တွေ အားနည်းချက်တွေပေါ့။ ရှေ့ဆက်ကျွန်မတို့ ဘယ်လိုမျိုး ဆောင်ရွက်လို့ရမလဲဆိုတဲ့ စုပေါင်းဝိုင်းဝန်းဆွေးနွေးအဖြေရှာတဲ့ ဆွေးနွေးပွဲတစ်ခုတော့ ရှိပါလိမ့်မယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် NCA နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်လာကြမယ့် အပစ်ရပ်ထိုး ၇ ဖွဲ့နဲ့ စစ်ကောင် စီတို့ သီးခြားငြိမ်းချမ်းရေးဆွေးနွေးမှုတော့ လတ်တလောမှာ မရှိသေးဘူးလို့ နန်းယဉ်ယဉ်စိုးက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ လာမယ့်ရက်ပိုင်းအတွင်း ပြုလုပ်မယ့် NCA နှစ်ပတ်လည်အခမ်းအနားအတွက် နိုင်ငံ တကာကို ပြသနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို အခမ်းအနားမှာ ဖျော်ဖြေမယ့် တိုင်းရင်းသားယဉ်ကျေးမှုအက အဖွဲ့တို့ကလည်း နေပြည်တော်ကို ရောက်ရှိနေကြပါပြီ။

NCA အခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီဖိတ်ကြားခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ် မြေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းရှိ က လေးသူငယ်အပါအဝင် အရပ်သား ၂၉ ဦး သေဆုံးထားရတာပါ။

အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က တစ်ဘက်၊ အစိုးရ တပ်မတော် လွှတ်တော်ကတစ်ဘက် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော် ဝါရီ ၁၃ ရက် နေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA စာချုပ်မှာ ပါ ဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့က တော့ စစ်ကောင်စီနဲ့ တွေ့ဆုံမှုမလုပ်ခဲ့ဘဲ NCA ကို ကျောခိုင်းခဲ့ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတာပါ။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုနှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရပြီး ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ မြေပြင်တိုက်ပွဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.