ရေဖြူ၊ အောက်တိုဘာ(၁၃)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံးရပ်နားသွားတာကြောင့် ငွေသွင်း၊ငွေလွှဲတာနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကံပေါက်ဒေသမှာ သမဝါယမဘဏ်နဲ့ ကမ္ဘာ့ရတနာဘဏ်တို့ ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ သမဝါယမဘဏ်က စစ်တပ်အာဏာသိမ်းပြီးနောက် ပိတ်သွားခဲ့သလို နောက်ဆုံးကျန်ရှိတဲ့ ကမ္ဘာ့ရတနာဘဏ်ကလည်း ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့မှာ လုပ်ငန်းရပ်နားလိုက်တာပါ။
ကမ္ဘာ့ရတနာဘဏ်ဟာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြောင့် လုပ်ငန်းပိတ်သိမ်းသွားတာလို့ ဒေသခံတွေပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ ဘဏ်တာဝန်ရှိသူထံ မေးမြန်းထားဆဲဖြစ်ပါတယ်။
ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ ရပ်နားသွားတာကြောင့် စီးပွားရေး၊ ကျန်းမာရေးနဲ့လူမှုရေးလုပ်ငန်းတွေအပြင် ငွေသွင်း၊ ငွေလွှဲဖို့ အခက်အခဲမျိုးစုံ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘဏ်လုပ်ငန်းတွေ ရပ်နားသွားတဲ့အတွက် Kpay၊ Wave pay၊ CB Pay တွေကနေတဆင့် ငွှေလွှဲတွေလုပ်နေရပေမယ့် ငွေပမာဏအများအပြား လွှဲပြောင်းလို့ မရတာကြောင့် အခက်ကြုံနေရတာပါ။
ဒါ့အပြင် ငွေပမာဏ အများအပြားကိုလည်း ကလိန်အောင်မြို့အထိ သွားရောက်ငွေလွှဲနေရပေမယ့် လမ်းခရီးမှာ ခိုးဆိုးလုယက်သူတွေရန်ကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ကံပေါက်ဒေသခံတွေဟာ ရော်ဘာ၊ ဒေသခံထွက်သီးနှံ၊ ရေလုပ်ငန်းတွေနဲ့ကုန်ရောင်းဝယ်လုပ်ငန်းတွေအတွက် ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေကနေ ငွေလွှဲငွေယူတာတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ