“သူတို့ကြောင့် စစ်ရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ တိုက်ခိုက်တာက အင်မတန်မှဆိုးဝါးတဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်တာ။ နိုင်ငံတစ်နိုင်ငံချင်းကနေ အရေးယူအပြစ်ပေးဖို့အတွက်လည်း ပူးတွဲဆောင်ရွက်နေတာ ရှိတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အရေးယူဖို့အတွက်လည်း ကျွန်တော်တို့ ပြောကြားနေတယ်”

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအ၀င် အရပ်သား ၃၀ ထက်မနည်းသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် NUG အနေနဲ့ ဘာတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိလဲ။ သေဆုံးသွားတဲ့ မိသားစုဝင်တွေ တရားမျှတမှုရရှိရေးနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ကို ဘယ်လိုကိုင်တွယ်သွားဖို့ ရှိနေလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ်- အရင်ဆုံး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဘယ်လိုပုံစံမျိုးနဲ့ တိုက်ခိုက်ခံလိုက်ရပါသလဲ။ NUG အနေနဲ့ ဘယ်လိုသတင်းအချက်အလက်တွေ ရရှိထားပြီးလဲ။

ဦးကျော်ဇော- ကချင်ပြည်နယ်လိုင်ဇာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို ည၁၁နာရီခွဲဝန်းကျင်က အကြမ်းဖက်စစ်တပ် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ပြီးတော့ လေယာဉ်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက်တယ်။ NUG က တာဝန်ရှိလူကြီးတွေက မြေပြင်ပေါ်မှာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတာရှိတယ်။ ကျွန်တော်တို့ မြေပြင်ပေါ်ကရ တဲ့သတင်းတွေအရ ပစ်ခတ်တိုက်ခိုက်တာက တော်တော်အားပြင်းတဲ့လက်နက်ကို သုံးသွားတယ်လို့ တွေ့ရှိရတယ်။ အထူးသဖြင့်လေယာဉ်ပေါ်ကနေ ဗုံးကျသွားတဲ့ဟာကဆိုရင် တော်တော်ပြင်းထန်တဲ့ဗုံးလို့ သိရှိရတယ်။ ဗုံးကျတဲ့ တွင်းရဲ့ အနက်ကဆိုရင် ပေ၄၀၊ ၅၀လောက်နက်တယ်။ အကျယ်က ၁၀၀လောက်ရှိတယ်။ ပေ၂၀၀၊ ၃၀၀ ဝန်းကျင်လောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေရဲ့အိမ်ခြေတွေ လုံးဝအပိုင်းအပိုင်းဖြစ်သွားလောက်အောင် ပျက်စီးသွားတာတွေ့ရတယ်။ အခုကတော့ မြေပြင်ပေါ်မှာတော့ လုံခြုံရေးတာဝန်ရှိတဲ့သူက စစ်ဆေးနေတယ်။ ဘယ်လိုလက်နက်မျိုးနဲ့ တိုက်ခိုက်တယ်။ ဘယ်လိုဗုံးမျိုးချသွားတယ်ဆိုတာ ဆက်လက်ပြီးစစ်ဆေးနေကြတယ်။  မြေပြင်အတည်ပြုချက်အရ စစ်ဘေးဒုက္ခသည် ၃၀ ဆုံးရှုံးသွားရတယ်။ စိတ်မကောင်းစရာ ကလေးသူငယ် ၁၃ဦးပါဝင်တယ်။ ဒဏ်ရာရရှိတဲ့ အရပ်သားဒုက္ခသည် ၅၇ ယောက်ရှိတယ်ဆိုတာ ကျွန်တော်သိရှိရတယ်။

သံလွင်တိုင်းမ်- စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသွားဖို့ ရှိနေပါသလဲ။

ဦးကျော်ဇော- စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေကျူးလွန်တာ အထောက်အထားတွေ အများကြီးရှိပါတယ်။ ပြီးခဲ့တဲ့လကပဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီးက မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်က လုပ်နေတဲ့ လုပ်ရက်တွေက War Crimes စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်  ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်စေတဲ့အတွက် လုံခြုံရေးကောင်စီကနေ အပြည်ပြည်ဆိုင်ရာတရားရုံးကို စစ်ဆေးဖို့အတွက် လွှဲပြောင်းသင့်တယ်ဆိုပြီးတော့ တိုက်တွန်းပြောကြားသွားတာလည်း တွေ့ရတယ်။ လိုင်ဇာနားမှာရှိတဲ့ စစ်ပြေးဒုက္ခသည်စခန်းကို တိုက်ခိုက်တာ နောက်ထပ်စစ်ရာဇဝတ်မှုကို ကျူးလွန်တာ/ ဒီနေရာမှာ စစ်နဲ့ပတ်သက်တာ လုံးဝမရှိဘူး။ တိုက်ပွဲဖြစ်တာလည်း လုံးဝမရှိဘူး။ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း မရှိဘူး။

သူတို့ကြောင့် စစ်ရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ တိုက်ခိုက်တာက အင်မတန်မှဆိုးဝါးတဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်တာ။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ကတော့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့ အထောက်အထားတွေယူတာပြုစုတာ။ အပြည်ပြည်ဆိုင်ရာတရားရုံးကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ လွှဲပြောင်းပေးရမှာ။ နိုင်ငံတစ်နိုင်ငံချင်းကနေ အရေးယူအပြစ်ပေးဖို့အတွက်လည်း ပူးတွဲဆောင်ရွက်နေတာ ရှိတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အရေးယူဖို့အတွက်လည်း ကျွန်တော်တို့ ပြောကြားနေတယ်။

သံလွင်တိုင်းမ်- မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းက သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှု ရှာဖွေပေးသွားမယ်လို့ NUG ဘက်က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တရားမျှတရရှိရေးအတွက် ဘာတွေ လုပ်ဆောင်နေလဲ။  

ဦးကျော်ဇော- တရားမျှတမှုဆိုတာက ပြည်တွင်းတရားစီရင်ရေးမှာ ပြည်တွင်းဥပဒေတွေအရ လုပ်တာရှိတယ်။ ပြည်တွင်းဥပဒေကို ချိုးဖောက်ရုံသာမက နိုင်ငံတကာဥပဒေတွေပါ ချိုးဖောက်နေတာ။ ဥပဒေကြောင်းနှစ်လမ်း ကနေသွားရမှာ။ အခုသက်သေအထောက်အထားတွေ ပြုစုနေတာတွေရှိတယ်။ အထောက်အထားခိုင်မာတာတွေ အများကြီး ရှိတယ်။ ပြည်တွင်းတရားစီရင်ရေးကဏ္ဍမှာ လုပ်လို့ရတဲ့အချိန်မှာ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေက ပြည်တွင်းတရားစီရင်ရေးမှာ တရားဥပဒေအတိုင်း အပြစ်ပေးအရေးယူခံရမှာ ဖြစ်တယ်။

နိုငငံတကာတရားစီရင်ရေးကဏ္ဍမှာလည်း အပြစ်ပေးအရေးယူခံရဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးတွဲဆောင်ရွက်နေတယ်။ နိုင်ငံတကာတရားစီရင်ရေးက ကြန့်ကြာတတ်တယ်။ သူတို့လုပ်ရတဲ့ အဆင့်တွေ အများကြီးရှိတယ်။ ဒါပေမယ့် တရားဥပဒေက ဘယ်တော့မှ နောက်မဆုတ်သွားဘူး။ ရာဇဝတ်မှု ကျုးလွန်သူတွေက တရားဥပဒေအရ အပြစ်ပေးအရေးယူခံရဖို့ မလွဲပါဘူးဆိုတာ ပြောချင်ပါတယ်။

နိုင်ငံတကာတရားရုံးတွေကနေ အပြစ်ပေးအရေးယူနိုင်ဖို့ ပူးတွဲဆောင်ရွက်နေတယ်ဆိုတာ ပြောကြားလိုပါတယ်။ ကျန်တဲ့မိသားစုတွေအတွက် တရားမျှတမှုရအောင် ကြားထဲမှာလည်း အသက်ဆုံးရှုံးသွားတဲ့ မိသားစုတွေ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကနေ တတ်နိုင်သလောက် ကူညီ ပံ့ပိုးပေးနေတယ်။ ဒီကိစ္စဆိုရင်လည်း မြေပြင်ပေါ်မှာ မဟာမိတ်တွေနဲ့ပူးတွဲပြီးတော့ ကူညီဆောင်ရွက်ပေးနေတယ် ဆိုတာ ပြောကြားချင်ပါတယ်။

သံလွင်တိုင်းမ် – သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် ကုလအစည်အဝေးမှာ တင်ပြပြောဆိုသွားတာတွေ တွေ့ရပါတယ်။ စစ်ရှောင်စခန်းတိုက်ခိုက်မှု နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုနဲ့ အရေးယူနိုင်ဖို့ ဘယ်လောက်အထိ မျှော်လင့်နိုင်ပါသလဲ။

ဦးကျော်ဇော-သံအမတ်ကြီးက ကုလသမဂ္ဂမှာ တရားဝင်တောင်းဆိုသွားတယ်။ ဒီဖြစ်ရပ်ကိုလည်း တင်ပြသွားတယ်။ ဒီမတိုင်ခင်က စစ်ကိုင်းတိုင်းက ဝန်းသိုမြို့ ဂျိုးတောင်ရွာမှာရှိတဲ့  ဘုန်းကြီးကျောင်းထဲက  ကလေးတွေရဲ့ စာသင်ကျောင်းကိုလည်း အဝေးက ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်လို့ ကလေးသူငယ်၂၁ ဦးနဲ့ ဆရာမတစ်ဦး ဒဏ်ရာရခဲ့တယ်။ ဖြစ်ရပ်အားလုံးက စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာ။ သံအမတ်ကြီးက ကုလသမဂ္ဂကို တင်ပြတယ်။ အရေးယူရမှာက ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရမှာ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူနိုင်ဖို့ တိုက်တွန်းပြောကြားနေတာရှိတယ်။  ကြိုးစားနေတယ်။ တစ်နိုင်ငံချင်းကနေ တရားစွဲဆိုနိုင်ဖို့လည်း ရှိတယ်။ ကြိုးစားနေတယ်။ နည်းမျိုးစုံနဲ့ ကြိုးစားနေတာရှိတယ်။   

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.