လိုင်ဇာ၊ အောက်တိုဘာ(၁၂)
ကလေးအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးသွားခဲ့တဲ့ ကချင်ပြည်နယ်က မုန်လိုင်ခက်စစ်ရှောင်စခန်းအပေါ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးမှာငြိမ်သက် သွားမှာမဟုတ်ဘူးလို့ EAO တွေက တုံ့ပြန်လိုက်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးတွေအပါဝင် အရပ်သား ၃၀ ထက်မနည်း သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
မုန်လိုင်ခက် စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ ညသန်းခေါင်းယံအချိန်မှာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းပစ်ခတ်မှု ပြုလုပ်သွားတာလို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ KHRW က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၃ ဦးပါဝင်ခဲ့ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအပါအဝင် ပြည်တွင်းအခြေစိုက်အဖွဲ့အစည်းတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချတာတွေ ရှိနေပါတယ်။
စစ်ဘေးရှောင်စခန်းတစ်ခုအပေါ် စစ်ကောင်စီတပ်ရဲ့ အခုလို တိုက်ခိုက်မှုလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
“ဒီလိုလုပ်ရပ်မျိုးက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းပဲ ကျူးလွန်တယ်ဆိုတာကို ကျွန်တော်တို့ ဒီလိုပဲ နားလည်လက်ခံထားပါတယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကြောင့် တော်လှန်ရေးမှာ ငြိမ်သက်သွားမှာမဟုတ်ဘဲ ဆက်လက်အားကောင်းသွားမှာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU နဲ့ CNF တပ်တွေဟာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြပြီး အခုနှစ်ဇန်နဝါရီလအတွင်း ချင်းပြည်နယ်အတွင်းရှိ CNF ဌာနချုပ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သလို KNU ကော်သူးလေနယ်မြေထဲမှာလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KIO/KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပေါ် စစ်ကောင်စီတပ်ကပြုလုပ်တာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ KIO/KIA က Drop Bomb တွေ သိုလှောင်ထားတဲ့နေရာက ပေါက်ကွဲတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ KHRW တာဝန်ရှိသူတစ်ဦးကတော့ အရပ်သားအများအပြား သေဆုံးရတာဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ကောင်စီက သူတို့ပြောတဲ့ဟာနဲ့ မြေပြင်မှာဖြစ်နေတာကတော့ တခြားစီပါဗျ။ မနေ့ည (အောက်တို ဘာ ၉) ဖြစ်ပျက်တဲ့အခြေအနေကတော့ ကျွန်တော်တို့ကြည့်ရင်ကတော့ လူတွေအမြောက်အများသေရတာ ဒီဟာကတော့ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတဲ့အတွက်ကြောင့်ပေါ့နော်။ ဆိုတော့ သူတို့လုပ်ရပ်အပေါ် သူတို့ကတော့ အမြဲတမ်းဒီလိုမျိုးပဲ ပြောလေ့ရှိတယ်ဗျ” လို့ KHRW တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ မတရားအကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့၊ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံးမှာ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ KHRW က သဘောထား ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ/Social Media