ထားဝယ်၊ အောက်တိုဘာ(၁၂)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသားသုံးဦးအနက် တစ်ဦးရဲ့အလောင်းပြန်တွေ့ထားပေမယ့် ကျန်နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က မောင်မယ်ရှောင်ရွာအနီးမှာ ထားဝယ်အကျဉ်းထောင် ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံတွေဖြစ်တဲ့ ကိုသားဂန်း၊ ကိုမျိုးဆွေနဲ့အသက် ၁၄ နှစ်အရွယ် မောင်အပုကျူတို့ကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီထဲက ကိုသားဂန်းရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ ထားဝယ်မြစ်တွင်း ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး မိသားစုဘက်က ကိုသားဂန်းဖြစ်ကြောင်း အတည်ပြုပေးထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ကိုမျိုးဆွေနဲ့အသက် ၁၄ နှစ်အရွယ် မောင်အပုကျူတို့ဟာ အောက်တိုဘာ ၁၁ ရက်နေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ မြစ်ဆိပ်မှာတော့ သွေးကွက်တွေအပြင် ဖမ်ဆီးစဉ်တုပ်နှောင်သွားတဲ့ ကြိုးခွေတွေ တွေ့ရှိခဲ့တယ်လို့ ဆိုကြပါတယ်။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အရပ်သား ၂၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.