မော်လမြိုင် – အောက်တိုဘာ(၁၂)
အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ဝင်တွေက ပြည်သူ့တော်လှန်ရေး ရဲဘော်တွေကို အွန်လိုင်းကတဆင့် တွေ့ဆုံအားပေးခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀) ရက်နေ့ ညနေပိုင်းကနေ ညပိုင်းအထိ တွေ့ဆုံအားပေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမစတင်ခင်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့က မုံလိုင်ခတ်စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေအတွက် စက္ကန့်(၃၀) ငြိမ်သက် ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်သူ့တော်လှန်ရေးရဲဘော်တွေကို ယာယီသမ္မတ ဒူဝါလရှီးလ၊ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်တီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က အဖွင့်အမှာစကား ပြောခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးတွေဖြစ်တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းနဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့က ခွန်အားပေးစကား ပြောခဲ့ကြပါတယ်။
အဲဒီနောက် ယာယီသမ္မတ ဒူဝါလရှီးလ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းတို့ကို စစ်ဒေသ၊ စစ်တိုင်း စစ်ဌာနချုပ်၊တိုင်းစစ်ဌာနတွေက ပြည်သူ့ကာကွယ်ရေး တပ်မတော် တာဝန်ရှိသူတွေ၊ တိုင်း/ ပြည်နယ် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) တာဝန်ရှိသူတွေက သက်ဆိုင်ရာဒေသရဲ့ တော်လှန်ရေးအခြေအနေနဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို အသီးသီးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားကိုယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအဖွဲ့ဝင်တွေ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်အရာရှိတွေ၊ စစ်ဒေသ၊စစ်တိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဌာနတွေက ပြည်သူ့ ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူတွေနဲ့ တိုင်း/ပြည်နယ် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD