ထားဝယ်၊ အောက်တိုဘာ(၁၂)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလော၊ သရက်ချောင်း၊ ထားဝယ်နဲ့ရေဖြူမြို့နယ်တို့မှာ အခုလအတွင်း ဒေသခံနေအိမ်တွေ ခပ်စိပ်စိပ် မီးရှို့ဖျက်ဆီးခံရတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးစဉ် ဒေသခံတွေက PDF တွေကို သတင်းပေးတာ၊ ထောက်ခံအားပေးတာနဲ့ကူညီထောက်ပံမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်လာတာပါ။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီနောက် အများဆုံး မီးရှို့ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၁၀ ရက်အတွင်း တနင်္သာတိုင်းမှာ အရပ်သားပြည်သူပိုင် နေအိမ် ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတာပါ။

တနင်္သာရီတိုင်း ပကဖတာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ ပြည်သူတွေအပေါ် အကြောက်တရားသွင်းတာဖြစ်ပြီး PDF တွေအပေါ် ပြည်သူတွေ စိတ်ကုန်အောင် တမင်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အနီးစပ်ဆုံးအနေနဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ရေဖြူမြို့နယ်၊ ပုဂေါဇွန်းနဲ့ရလိုင်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံ နေအိမ် ၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပုလောမြို့နယ်ထဲက နေအိမ် ၃၃ လုံး၊ရေဖြူမြို့နယ်မှာ နေအိမ် ၅ လုံး၊ သရက်ချောင်းမြို့နယ်မှာ နေအိမ် ၂ လုံး၊ စုစုပေါင်း နေအိမ် ၄၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသအခြေစိုက် သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.