နေပြည်တော်၊ အောက်တိုဘာ(၁၂)
အကျင့်ပျက်ခြစားမှုအပါအဝင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို ထောင်ဒဏ်တစ်သက် ချမှတ်မှုဟာ ပြစ်ဒဏ်ပေါ့လျော့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ဟာ တာဝန်ထမ်းစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ရာထူးအာဏာကို အသုံးပြုပြီး နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်တာ၊ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ တံစိုးလက်ဆောင်ရယူတာ၊ အရပ်ဘက်စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ရပ်တွေအတွက် သူတို့နှစ်ဦးကို သက်ဆိုင်ရာပုဒ်မတွေနဲ့ စစ်တရားရုံးမှာ စွဲချက်တင် စစ်ဆေးပြီးနောက် နှစ်နှစ်ဆယ်ကာလနဲ့ညီမျှတဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ဗိုလ်ချုပ်နှစ်ဦးရဲ့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေဟာ လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး တိုင်းပြည်အပေါ် များစွာထိခိုက်နစ်နာစေခဲ့တဲ့အတွက် သေဒဏ်ပြစ်ဒဏ်ချမှတ်ရမှာဖြစ်ပြီး အခုဖြစ်စဉ်ဟာ ပြစ်ဒဏ်ပေါ့လျော့နေတယ်လို့ ဝေဖန်တာပါ။
“သူတို့ကျူးလွန်တဲ့အမှုကတော့ တကယ်ကတော့ တစ်သက်တစ်ကျွန်းချမှတ်ရမှာပေါ့လေ။ သေဒဏ်ပေးရမှာ။ သူတို့လောက်တိုင်းပြည်အပေါ်ကို ပက်ပက်စက်စက် ဘာမှကျူးလွန်မှုမရှိတဲ့ ဂျင်မီနဲ့ဇေယျာသော်တို့ လေးယောက်ကို သေဒဏ်ချမှတ်လက်တွေ့ အကောင်အထည်ဖော်ပြီးတော့ မင်းအောင်လှိုင်သတ်ဖြတ်ခဲ့တာ။ အဲဒီတော့ တကယ်တမ်းလုပ်ချင်လို့ရှိရင်တော့ တကယ်တမ်းထိုက်တန်တဲ့ အပြစ်ဒဏ်ကတော့ ဒီရာထူးနဲ့ဒီလောက်တိုင်းပြည်အပေါ်မှာ ပက်ပက်စက်စက်ခြစား၊ အလွဲသုံးစားအာဏာအလွဲသုံးစားလုပ်တဲ့ သေဒဏ်ပေးထိုက်တဲ့ကိစ္စဖြစ်တယ်။ အခုတော့တစ်သက်တစ်ကျွန်းဆိုတဲ့ကိစ္စက နောက်ဆုံးမှာလွတ်သွားတဲ့အဆင့်ထိရောက်အောင် လုပ်တာပဲ” လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့လူယုံဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဒါအပြင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ လက်ထောက်ဖြစ်သူ ဗိုလ်မှူးချုပ် ရန်နောင်စိုးကလည်း ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တာပါ။
CDM ဗိုလ်ကြီးကောင်းသူဝင်းကလည်း စစ်ဗိုလ်ချုပ်နှစ်ဦးအပေါ် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ပေမယ့် နှစ်မပြည့်ခင်မှာပဲ ပြန်လွတ်လာနိုင်တယ်လို့ ပြောပါတယ်။
“စစ်ဗိုလ်ချုပ်တွေထောင်ကျရင်တော့ အခြားသောရာဇဝတ်ပြစ်မှုတွေကြောင့် ထောင်ကျတဲ့လူတွေလိုတော့ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲတော့နေရတဲ့ အနေအထားမျိုးမရှိဘူး။ သူတို့ကတော့ အေးအေးလူလူ သက်သက်သာသာနဲ့ နေရတာများတယ်။ နောက်ပြီးတော့ ထောင်အတွင်းမှာလည်း သူတို့ပိုက်ဆံသုံးနိုင်ရင် သုံးနိုင်သလောက် သူတို့အေးအေးဆေးဆေးနေလို့ရတယ်။ နောက်ပြီးတော့ သူတို့ဟာတစ်ချိန်ကနိုင်ငံတော်မှာ ရာထူးကြီးကြီးတွေယူခဲ့တဲ့လူတွေဆိုတော့ တခြားထောင်ဝန်ထမ်းတွေကနေ ကြည့်ရှုခံရတဲ့နေရာမှာလည်း သက်သာကြတယ်။ နောက်ပြီးတော့လွှတ်ရက်တွေ၊ လျော့ရက်တွေဆိုရင်လည်း ဒီလူတွေကို ပုံမှန်အတိုင်း လျော့ပြီးတော့ နှစ် ၂၀ပဲ ပြောပြောပေါ့။ အချိန်တန်ရင်နှစ်မစေ့ပဲ လျော့ရက်တွေနဲ့ ထွက်လာမယ့်အနေအထားရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တာဝန်ယူခဲ့တဲ့နေရာတွေကို စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးမြထွန်းဦး အားအစားထိုး ခန့်အပ်ထားပါတယ်။
တပ်တွင်းသတင်းတွေအရ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အမေရိကန်ဒေါ်လာ ၅ဘီလီယံ နီးပါးကို အလွဲသုံးစားလုပ်ခဲ့တာလို့ဆိုပေမယ့် စစ်ကောင်စီကတော့ အတိအကျထုတ်ပြန်လာတာ မရှိသေးပါဘူး။
တိုင်းပြည်စီးပွားရေးကို ပိုမိုကျပ်တည်းအောင် လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်နှစ်ဦးကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြတာတွေ ရှိနေပါတယ်။
စစ်ဗိုလ်ချုပ်နှစ်ဦးကို အခုလိုထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်မှုဟာ တပ်တွင်းအုံကြွမှုမဖြစ်အောင် ထိန်းသိမ်းတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI