ညောင်လေးပင်၊ အောက်တိုဘာ(၁၂)
မြေပြင်တိုက်ပွဲတွေမှာ အကျအရှုံးများနေတဲ့ စစ်ကောင်တပ်ဟာ လေယာဉ်မပါရင် စစ်တိုက်လို့မရတော့တဲ့ အနေအထားကို ရောက်ရှိနေသလို သေဆုံးမှုနှုန်းတွေလည်း များပြားလာနေတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ KNLA KNDO တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား အခုနှစ် ၉ လတာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအရာခံတွေအပါအဝင် တပ်သားပေါင်း ၃၈၆၅ ဦး သေဆုံးခဲ့ပြီး ၂၂၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
KNU ပြောခွင့်ရသူ ပဒိုစောတောနီးက မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်တွေ ယိုယွင်းပျက်ပြားနေပြီး တိုက်ပွဲဖြစ်ပွားပြီဆိုပါက လေယာဉ်မပါဘဲ စစ်တိုက်လို့မရတော့တဲ့ အနေအထားကို ရောက်ရှိနေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးမှုနှုန်းတွေကလည်း များပြားလာနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မြေပြင်မှာကြုံတွေ့နေရတဲ့ သေဆုံးထိခိုက်မှုများပြားတဲ့ အနေအထားတွေကြောင့် စစ်ကောင်စီတပ်ရဲ့ နယ်မြေစိုးမှုဟာ လျော့နည်းလာနေပြီး နောက်ထပ်လည်း နယ်မြေဆုံးရှုံးမှုတွေ ဆက်ဖြစ်လာနေဦးမယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။
KNU ရဲ့ ထုတ်ပြန်ထားချက်အရ ၉ လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ဘက်က တိုင်းပြည်နဲ့လူမျိုးအတွက် ၁၁၂ ဦး အသက်ပေးလှူခဲ့ရပြီး ၃၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း KNLA မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်စ ခန်း ၆၂ ခု ဆုံးရှုံးထားရတာပါ။
အာဏာသိမ်းကာလအတွင်းမှာ KNU ရဲ့ ထိန်းချုပ်နယ်မြေတွေလည်း ပိုမိုကျယ်ပြန့်လာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI