ကျိုက်ထို – အောက်တိုဘာ(၉)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ကဒက်ချောင်းရေကြီးရေလျှံမှုကြောင့် ဒေသခံ တစ်ထောင်ကျော်ကို ဘေးလွတ်ရာ နေရာတွေထံ အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ နေ့လည်ပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ကဒက်ချောင်းရေလျှံလာတာကြောင့် ကျိုက်ထိုမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဇေယျာမွန်၊ ကော့စံနိုင်၊ တောင်သူစု၊ မြောက်ပိုင်း၊ အေးရိပ်ငြိမ်ရပ်ကွက်အပါအဝင် ရပ်ကွက် ၆ ခုလောက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။

ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ တစ်ထောင်ကျော်ကို ကျိုက်ထိုမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၅ ကျောင်းမှာ အရေးပေါ် ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး စောင့်ရှောက်ထားတာပါ။

လတ်တလောမှာ ရေဘေးသင့်ပြည်သူတွေအတွက် သောက်ရေအပါအဝင် အခြေခံစားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာလည်း ရေတွေ ထပ်တက်လာတာကြောင့် အေးရိပ်ငြိမ်းရပ်ကွက် ကျိုက်ထိုတရားရုံးရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းရေကျော်နေတာကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောက်တိုဘာ ၈ ရက်နေ့ကလည်း ကျိုက်ထီးရိုးတောင်တက်လမ်း မိုင်တိုင်အမှတ် ၇ အနီး မြေထိန်းနံရံပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေကို ပြောင်းရွှေ့ရတာတွေ ရှိခဲ့ပြီး အခုတစ်ကြိမ် ရေကြီးမှုကြောင့် အခုနှစ်အတွင်း ရေကြီးမှု နှစ်ကြိမ်အထိ ဖြစ်ပွားထားပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်မှာလည်း အောက်တိုဘာ ၈ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ တစ်သောင်းကျော် ရေဘေးကြုံနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.