သထုံ၊ အောက်တိုဘာ(၈)

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာ အောက်တိုဘာ ၆ ရက်နေ့ကစပြီး အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ ဒေသန္တရအမိန့်ထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်နေ့မှာ သထုံမြို့နယ် ကြာပန်းကျေးရွာ အငြိမ်းစားစစ်ဗိုလ်ကြီးတစ်ဦးကို သထုံမြို့နယ်ကာကွယ်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့လာရောက်ပြီး နေအိမ်မှာသေနတ်နဲ့ ပစ်သတ်သွားပြီးနောက် ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်လာတာ ဖြစ်ပါတယ်။

အဲဒီဒေသန္တရအမိန့်အရ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦး အတူမစီးဖို့၊ အမျိုးသမီးနောက် အမျိုး သားလိုက်မစီးရ၊ အမျိုးသမီး ၂ ဦး ဒါမှမဟုတ် အမျိုးသား မောင်းတဲ့အနောက်မှာ အမျိုးသမီးလိုက်ပါ စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီးနင်းကြောင်း စစ်ဆေးတွေ့ရှိပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ်တစ်လဖြစ်စေ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

ဆိုင်ကယ်စီးနင်းခွင့်ဒေသန္တရအမိန့်မထုတ်မီ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့တွင်း ရွှေစာရံဘုရားနားအနီးအပါအဝင် မြို့အဝင်အထွက်နေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ် ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်ကြောင့် ဆိုင်ကယ်တက္ကဆီမောင်းနှင်သူ၊ ဆိုင်ကယ်တွေ အသုံးပြုပြီး အလုပ်သွားအလုပ်ပြန်နဲ့ ဈေးရောင်းဈေးဝယ်လုပ်ကိုင်သူတွေအတွက် ထိခိုက်နစ်နာမှုတွေရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ ပစ်သတ်ခံနေရတဲ့ ပေါင်မြို့နယ်မှာလည်း အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ မစီးဖို့ ဒေသန္တရအမိန့်ထုတ်ပြန်ထားတာပါ။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ ရေးမြို့နယ်တို့မှာ ဒေသန္တရအမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.