“အခုက ရဲအလုပ်လည်း တပ်(စကစ)ကဝင်ရှုပ်တယ်။ ဌာနဆိုင်ရာအလုပ်လည်း တပ်ကဝင်ရှုပ်တယ်။ ပါလေရာ လုပ်နေတယ်။ ဘာလုပ်ငန်းမှမတတ်၊ ဘာမှမသိဘူး။ တပ်မှာမတော်တဲ့သူတွေ တခြားဌာနဆိုင်ရာတွေကို ပို့တော့ အကုန်လုံးပျက်ကုန်တာပေါ့”

အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားပြုန်းတီးလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကိုပါ အစားထိုးအသုံးပြုလာတယ်လို့ ရဲအသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုတာတွေ ရှိလာတာပါ။

စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲတွေအတွက် စစ်သားတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့တာ၊ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်သားဝတ်စုံတွေ ပြောင်းလဲဝတ်ဆင်စေပြီး တာဝန်ထမ်းဆောင်ခိုင်းနေတဲ့ အခြေအနေတွေအထိ ရှိလာခဲ့တာပါ။

ဒါကြောင့် ရဲတပ်ဖွဲ့ဝင်အတွင်း လက်ရှိအခြေအနေတွေ၊ ရဲပြေးများလာတဲ့ အကြောင်းအရင်းတွေ၊ စစ်ကောင် စီတပ်ရဲ့ ဖိနှိပ်မှုတွေ၊ တရားဥပဒေစိုးမိုးမှုဆုံးရှုံးလာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး CDM ရဲတပ်ကြီးကြပ်လည်း ဖြစ်တဲ့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

 ၁။ အရင်ဆုံး စစ်အာဏာသိမ်း ၂ နှစ်နှစ်ခွဲကျော်အတွင်း ရဲတပ်ဖွဲ့ဝင်တွေထွက်ပြေးတဲ့ အခြေအနေက ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီလဲ။ မွန်ပြည်နယ်မှာဆိုရင်ရော ဘယ်လိုအခြေအနေရှိလဲ။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတာ ပိုများလာတယ်။ CDM လုပ်တာ တွေလည်း  ပိုများလာတယ်။ ဆိုးဆိုးဝါးဝါးဖြစ်တယ်လို့ ပြောရမှာပေါ့။ စစ်ကောင်စီရဲ့ ဖိအားတွေအောက်မှာလည်း အလုပ်မလုပ်ချင်တော့တာတွေ ပါတာပေါ့။

၂။လက်ရှိ နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်အနေနဲ့ တပ်အင်အားပြုန်းတီးတာတွေ များလာနေတဲ့အပေါ် ရဲတပ်ဖွဲ့ဝင်တွေကို စစ်သားအဝတ် ဝတ်ခိုင်းပြီး စစ်တပ်အသွင်ပြောင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လိုအခြေအနေတွေအထိ ဖြစ်လာတာလဲ။

အခုနောက်ပိုင်းဆိုစစ်ကောင်စီက အင်အားတွေပြုန်းတီးလာတာဖြစ်လာတာပေါ့။ တပ်ပြေးတွေအများကြီး တပ် ကနေ CDM ဝင်လာတွေလည်း အများကြီး ရှိလာတယ်။ တိုက်ပွဲတွေမှာ သေဆုံးနှုန်းတွေ များလာတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို အစားထိုးလာတယ်။ တပ်ယူနီဖောင်းဝတ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို အစားထိုးလာတာ ရှိ တယ်။ ပြီးတော့ ပျူစောထီးတွေကို အစားထိုးတယ်။ ပျူစောထီးဆိုတာ ထောင်ထွက်တွေပေါ့။ ဘယ်လိုလူမျိုးတွေလဲဆိုရင် ခိုးဆိုးလုနှိုက်တွေ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေပေါ့။ သေမထူး နေမထူးတွေပေါ့။ အဲဒါတွေကို သုံးလာတာတွေ့ရတယ်။ ပြီးတော့ မီးသတ်ပါပါတယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့တွေပါတာတော့ ပဲခူးတိုင်းထဲက တိုက်ပွဲမှာ ရဲတပ်ဖွဲ့တွေ ပါနေတာကို တွေ့ရတယ်။

၃။နောက်ပြီး မွန်မှာဆိုရင် ရဲစခန်းတွေ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီကနေ ရဲတပ်သား တွေကို အတင်းအကြပ် ဖိအားပေးတာတွေ၊ နယ်မြေမတည်ငြိမ်တဲ့ ဒေသတွေကို (စစ်ကိုင်း၊မကွေး၊ကရင်နီ) ပြောင်းရွှေ့တာတွေကရော ဘယ်လို အခြေအနေရှိလဲ။

ရဲစခန်းတိုက်ခိုက်ခံရတာတွေအတွက် ဖိအားတွေ ပေးတာပေါ့။ ရဲစခန်းတိုက်ခိုက်ခံရတဲ့ ကိစ္စတွေမှာ အတိုက်မခံ ရဖို့ ဖိအားတွေပေးတယ်။ ပြီးတော့နယ်မြေမတည်ငြိမ်တဲ့ ဒေသတွေကို ပြောင်းရွေ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေကို သုံးနှစ်တစ်ကြိမ် ပြောင်းရွေ့တာတွေ ပြုလုပ်တယ်ပေါ့။ ပြည်သူလူထုရဲ့ ဝန်ဆောင်မှုကိုပေးရတဲ့ ကူညီပါရစေ ဆိုတဲ့အတိုင်းပဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို စောင့်ရှောက်ရတာပါ။ စစ်တိုက်မလို့ မဟုတ်ပါဘူး။ ဒါပေ မယ့် သူတို့တပ်ထဲကအတိုင်းပဲပေါ့။ တပ်ထဲမှာဆိုရင် သုံးနှစ်နေရင် ဒေသပြောင်းရတာပေါ့။ ရဲထဲမှာကျတော့ အဲဒီလိုလုပ်လို့မရဘူး။ ရဲဆိုတာက ပြည်သူလူထုနဲ့ အနီးကပ်နေရတာ။ မူခင်းတွေဖော်ထုတ်ရတာပေါ့။ ဒါ ကြောင့် နယ်မြေအသစ်တစ်ခုရောက်သွားရင် ရဲကနယ်မြေသစ်စရတယ်။ ဒါကြောင့်မို့ သူ့ရဲ့လက်ရှိနယ်မြေမှာ အကြာကြီးထားမှ ဒီနယ်မြေရဲ့ တရားဥပဒေစိုးမိုးမှုကို ဒီရဲတွေကသိမှာ။

 ၄။ ရဲပြေးတွေ CDM တွေ များလာတဲ့အခါ စစ်ကောင်စီအနေနဲ့ မြို့တွင်းလုံခြုံရေးလှည့်လည်တာတွေ တရားဥပ ဒေစိုးမိုးရေးအတွက် ခိုးဆိုးလုနှိုက်တွေကို နှိမ်နင်းတဲ့အခါ အတော်လေးအားနည်းတဲ့ သဘောများ ဖြစ်နေလား၊ ဘယ်လိုသက်ရောက်မှုရှိမလဲ။

ရဲCDM တွေ၊ ရဲပြေးတွေများလာတဲ့ နောက်ပိုင်းမှာ ရပ်ကွက်ကျေးရွာလုံခြုံရေးတွေ အားနည်းလာတယ်။ ပြီးတော့ လွတ်ငြိမ်းချမ်းသာမှာလည်း ခိုးဆိုးလုနှိုက်တွေ များလာတယ်။ ခိုးဆိုးလုနှိုက်သက်သက်ကို လွှတ်တာ။ ကျန်တဲဟာတွေက မလွတ်ဘူး။ ခိုးဆိုးလုနှိုက်တွေပဲ လွတ်တာများလာတော့ ကျန်တဲ့နိုင်ငံတော်ကြီးက မတည် ငြိမ်တာတွေ ဖြစ်လာတယ်။ ခိုးဆိုးလုနှိုက်တွေဖြစ်လာတယ်။ လူသတ်လုယက်တွေ ပေါလာတယ်။ ဒုစရိုက် တွေပိုပြီးအဖြစ်များလာတာပေါ့။ ခိုးဆိုးလုနှိုက်တွေ အဖြစ်များလာတဲ့ အပေါ်မှာတော့ နိုင်ငံကကြာလေ မအေးချမ်းလေပဲပေါ့။ သက်ရောက်မှုက ဆိုကျိုးတွေပိုအဖြစ်များလာတာပေါ့။

၅။ နောက်ဆုံးအနေနဲ့ လက်ရှိရဲတပ်ဖွဲ့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားချင်တာ ရှိမ လဲ။ ပြောပြပေးပါဦး။

တကယ်တော့ ရဲတပ်ဖွဲ့ဆိုတာက ပြည်သူလူထုရဲ့ လုံခြုံရေးနိုင်ငံတော်လုံခြုံရေးပဲ။ ကျန်တဲ့တိုက်ခိုက်ရေးမှာ ရဲကိုဘယ်လိုနည်းနဲ့မှ ထုတ်သုံးတာ မသင့်တော်ဘူးလို့ ထင်တာပေါ့။ ကျွန်တော်ရဲ့ ထင်မြင်ယူဆချက်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်  တပ်ကတပ်လုပ်၊ ရဲကရဲလုပ်ပေါ့။ အခုက ရဲအလုပ်လည်း တပ်ကဝင်ရှုပ်တယ်။ ဌာနဆိုင်ရာ အလုပ်လည်း တပ်ကဝင်ရှုပ်တယ်။ ပါလေရာလုပ်နေတာပေါ့။ ဘာလုပ်ငန်းမှမတတ် ဘာမှမသိဘူး။ တပ်မှာမတော်တဲ့သူတွေ တခြားဌာနဆိုင်ရာတွေကို ပို့တော့ အကုန်လုံးပျက်ကုန်တာပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.