မြိတ်၊ အောက်တိုဘာ(၇)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အမှတ် ၁ ဆိပ်ခံတံတားမှာ အောက်တိုဘာ ၅ ရက်နေ့ ည ၁၂ နာရီ အချိန်လောက်က တံတားညစောင့် အရပ်သားအမျိုးသားတစ်ဦးကို ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ (ဒေသအခေါ်) ပျုစောထီး ဦးထွန်းထွန်းစိုးနဲ့အဖွဲ့ဟာ အရက်သောက်စားပြီး ဆိပ်ခံတံတားအားရောက်ရှိလာစဉ် အသက် ၄၀ အရွယ် ညစောင့်ဖြစ်တဲ့ ဦးဝတုတ်ကို အကြောင်းမဲ့သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးဝတုတ်ဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်တွေမှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

သေဆုံးသွားတဲ့ဦးဝတုတ်ဟာ ဘယ်သူနဲ့မှ ရန်ငြိုးရန်စရှိသူမဟုတ်သလို သူ့မှာဇနီးဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၃ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ဦးဝတုတ်ကို သေနတ်နဲ့ပစ်သတ်သွားတဲ့ ပျူစောထီး ဦးထွန်းထွန်းစိုးတို့အဖွဲ့ကို အောက်တိုဘာ ၆ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်က တလိုင်းစုရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြိတ်မြို့မှာ ပျူစောထီးအဖွဲ့တွေက လက်နက်ကိုင်ပြီး ပြည်သူတစ်ဦးအပေါ် အကြောင်းမဲ့ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်လို့ အခုလိုဖြစ်စဉ်တွေထပ်ဖြစ်မှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.