ဖားဆောင်း၊ အောက်တိုဘာ(၇)

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း အခြေခံကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့ အခြေအနေနဲ့ကြုံနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မော်ချီးဒေသခံတစ်ဦးရဲ့ပြောပြချက်အရ အခြေခံစားသောက်ကုန်တွေဟာ အခုနှစ်ဇူလိုင်လလောက်ကစပြီး တရိပ်ရိပ်မြင့်တက်ခဲ့ရာကနေ အခုအခါမှာတော့ စံချိန်တင်ဈေးနှုန်းတွေအထိ ဖြစ်လာခဲ့တာပါ။

ဒေသတွင်းမှာ ဆန်ကြမ်းတစ်အိတ် လေးသိန်းကျပ်၊ စားအုန်းဆီတစ်ပိဿာ တစ်သိန်းကျပ်၊ ကြက်သွန်တစ်ပိဿာ နှစ်သောင်းကျပ်အပြင် ကြက်ဥတစ်လုံးကို ၁၅၀၀ ကျပ်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက် နေတာပါ။

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာရတာဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင် နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဈေးနှုန်းမြင့်တက်လာတာလို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့လူ့အခွင့်အရေး ကော်မတီဥက္ကဌ ဦးဗညားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်ချီးဒေသဟာ ခဲမဖြူ သတ္တုတွင်းဖော်ရေး လုပ်ငန်းကိုအဓိကလုပ်ကိုင်တဲ့ဒေသဖြစ်ပြီး ဒေသတွင်း သီးနှံစိုက်ပျိုးမှုတွေမရှိတာကြောင့် အာဏာမသိမ်းခင်ကတည်းက လွိုင်ကော်ကုန်ပစ္စည်းဈေးထက် နှစ်ဆနီးပါး ဈေးနှုန်းကြီးမြင့်တဲ့ဒေသလည်း ဖြစ်ပါတယ်။

အဲဒီဒေသမှာ ဒေသခံတွေအပြင် ရွှေ့ပြောင်းအလုပ်သမားအများစုနေထိုင်ပြီး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီကစပြီး ကြက်သွန်၊ ကြက်ဥတွေကတော့ အာဏာမသိမ်းခင်ကထက် အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

မော်ချီးဒေသကိုအဓိက ကုန်စည်ပို့ဆောင်တဲ့လမ်းဖြစ်တဲ့ လွိုင်ကော်-ဒေါတမကြီး-ဘော်လခဲ လမ်းပိုင်းဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးကာကွယ်ရေးတပ်ဖွဲ့တို့ကြား ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကို အဲဒီလမ်းပိုင်းကို အသုံးမပြုဖို့ ထုတ်ပြန်ထားတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မော်ချီးဒေသဟာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကိုရင်ဆိုင်နေရပြီး ပိုက်ဆံရှိရင်တောင် လိုသလောက်ဝယ်စားလို့မရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.