နေပြည်တော်၊ အောက်တိုဘာ(၆)

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံတွေထဲ အင်တာနက်လွတ်လပ်ခွင့် ညွှန်းကိန်းအရ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက်အဖွဲ့တစ်ခုဖြစ်တဲ့ Freedom House ရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းမသိမ်းခင် အင်တာနက်လွတ်လပ် ခွင့် အညွှန်းကိန်းအနေနဲ့ အဆင့် ၃၁ ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့်တွေ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

Freedom House ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံတွေထဲမှာ အင်တာနက်ဖိနှိပ်မှု အဆိုးဆုံးနိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကတော့ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်လွတ်လပ်ခွင့်တွေ ဆက်တိုက်ဆိုသလို ကျဆင်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာရတာဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေ၊ အာဏာဖီဆန်မှုတွေကို ဖိနှိပ်ဖို့အတွက် စစ်တပ်ကအင်တာနက်ပိတ်ပင်တာ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်တာတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့အတွက် အတင်းအကျပ် ဖိအားပေးတာတွေ၊ ကြားဖြတ်ထောက်လှမ်းခိုင်းဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဖိအားပေးတာတွေကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကိုင်းတိုင်းဒေသခံတစ်ဦးကတော့ အင်တာနက်ဖြတ်တောက်ခံရတာ နှစ်ချီရှိနေပြီးဖြစ်သလို အင်တာနက်ပိတ်ထားတဲ့အတွက် စစ်ကြောင်းဝင်လာပါက စစ်ရှောင်ဖို့တောင် သတင်းအချက်အလက်မရနိုင်တော့တဲ့ အခက်အခဲတွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မရတာကတော့ နှစ်ချီနေပြီ။ တစ်ခုခုတစ်စုံတစ်ရာဖြစ်တယ် ဆိုရင်တောင်မှ ကျွန်တော်တို့ကချက်ချင်း သတင်းပို့လို့မရဘူးပေါ့ဗျာ။ ကလေးတွေတော်တော်များများကတော့ လိုင်းမိတဲ့နေရာလေးတွေမှာသွားပြီးတော့ သစ်ပင်ပေါ်တက်၊ သစ်ပင်တိုင်းလည်း မမိဘူး။ မိတဲ့သစ်ပင်ပေါ်တက်ပြီးတော့ လိုင်းချိတ်ရတာတွေ ရှိတယ်။ သတင်းလည်း တခြားနေရာက ချက်ချင်းမရနိုင်ဘူး။ ကိုယ့်ဆီကသတင်းလည်း ချက်ချင်းမပေးနိုင်ဘူး။ အဲဒီလိုအနေအထားတွေ ရောက်သွားတယ်။ သူတို့စစ်ကြောင်းထိုးတယ်ဆိုရင်တောင်မှ လိုင်းမိနေလို့ရှိရင် ဘယ်မှာတော့ ဝင်နေပြီ။ ကိုယ်နဲ့ဘယ်လောက်ထိ နီးလာပြီပေါ့နော်။ အခက်အခဲတော့ အများကြီးပဲ၊ သူတို့ အဲဒီလိုဖြတ်လိုက်တဲ့အတွက် ကျွန်တော်တို့က သတင်းအချက်အလက်ကတော့ ဘယ်လိုမှမရနိုင်တော့ဘူးလေ”လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်ပြည်နယ်တွေအပါအဝင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းက မြို့နယ်အတော်များများကို အင်တာနက်ဖြတ်တောက်တာတွေ လုပ်ဆောင်ထားပါတယ်။

တဖက်မှာတော့ စစ်တပ်ထောက်ခံသူတွေက တယ်လီဂရမ် လူမှုကွန်ရက်ကိုသုံးပြီး နိုင်ငံရေးအရဆန့်ကျင်သူတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူဖို့ လှုံဆော်တာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ နှစ်လအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်အုပ်စုကို ဝေဖန်ရေးသားတဲ့ အကောင့်ပိုင်ရှင် ၁၀၀ ကျော် ဖမ်းဆီးအရေးယူခံခဲ့ရတာပါ။

အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း အင်တာနက်ဖြတ်တောက်မှုဟာ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်နေမှုတွေကို သတင်းအမှောင်ချဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ဝေဖန်လိုက်ပါတယ်။

“အင်တာနက်ရစဉ် အခါတုန်းကတော့ ကျွန်မတို့နယ်က သတင်းတစ်ခုခုဖြစ်ပြီဆိုရင် တင်လိုက်တာနဲ့ ကမ္ဘာနဲ့ချီပြီး သိသွားတာတွေရှိတယ်လေ။ အခုလို အင်တာနက် ဖြတ်တောက်ခြင်းကတော့ သူက သတင်းတွေ ဖြတ်တောက်တာပေါ့နော်။ သတင်းအမှောင်ချတယ်လို့ ယူဆတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့စစ်ကောင်စီက သူတို့လုပ်ချင်တိုင်းလုပ်ဖို့ (၈၈)က ပုံစံလိုပေါ့နော်။ သူတို့ သတ်ဖြတ်တာတွေကို မသိအောင် ဖုံးချင်ကွယ်ချင်လို့ အင်တာနက်ကိုဖြတ်တယ်လို့ ကျွန်မတို့ကယုံကြည်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်ထားတဲ့ ဒေသတွေဟာ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် မိုင်ချီဝေးတဲ့နေရာတွေ၊ တောင်တန်းတွေနဲ့ အမြင့်ပိုင်းဒေသတွေကို ခက်ခက်ခဲခဲသွားရောက် အသုံးပြုနေကြရတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

Freedom House ရဲ့ အဆိုအရ စစ်ကောင်စီဟာ အင်တာနက်အသုံးပြုခွင့် ကန့်သတ်ပိတ်ပင်ထားတာ၊ အင်တာနက်ပေါ်မှာ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်သူတွေ၊ ဝေဖန်သူတွေကိုလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်တာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်တာနက်လွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုတွေကြောင့် တယ်လီနောနဲ့ အော်ရီဒူးတို့လို နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို စစ်တပ်နဲ့နီးစပ်တဲ့ ကုမ္ပဏီတွေထံ လက်လွှဲရောင်းချပြီး မြန် မာနိုင်ငံကနေ ထွက်ခွာခဲ့ရတာဖြစ်တယ်လို့လည်း Freedom House ရဲ့ သုတေသန အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.