မော်လမြိုင်၊ အောက်တိုဘာ(၄)

မွန်ပြည်နယ်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေပြန်စတာ ၄ လနီးပါးရှိလာပေမယ့် ရာသီဥတုဆိုးရွာမှုနဲ့အတူ ငါးအထိမိနည်းပါးနေတာကြောင့် လုပ်ငန်းအများစု အရှုံးပေါ်နေတယ်လို့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းရာသီကို နှစ်စဉ်ဇူလိုင်လကနေ ဧပြီလအထိသတ်မှတ်ထားပေမယ့် အခုနှစ်မိုး တွင်းကာလအတွင်း ပင်လယ်ပြင်မှာ မုန်တိုင်းတွေ ပိုမိုကျရောက်လာတာကြောင့် မကြာခဏဆိုသလို ငါးဖမ်းလှေတွေ ကမ်းပြန်ကပ်နေရတဲ့အတွက် ငါးဖမ်းအချိန် နည်းပါးလာတာပါ။

တဖက်မှာတော့ ငါးဖမ်းလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စက်သုံးဆီအပါအဝင် ငါးဖမ်းဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းအဆမတန်မြင့်တက်နေတာ၊ ငါးသယံဇာတ ပိုမိုပြုန်းတီးလာကြောင့် ငါးအထိမိနည်းပြီး အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“အဓိကရာသီက မုန်တိုင်းရာသီဖြစ်တော့ လှိုင်းသင့်ချိန်နည်းတာပေါ့နော်။ လှိုင်းကြီးနေတာပဲ တစ်လမှာ (၃) ခါလောက် ဖြစ်ဖြစ်နေတယ်။ ငါးအထိအမိက တော်ယုံလောက်တောင် မရသေးဘူးပေါ့။ လှေကကမ်းထဲ ဝင်ဝင်ကပ်နေရတာလေ။ ကမ်းထဲဝင်ကပ်ပြီးမှ လှိုင်းချောမှဘဲ ပိုက်ပြန်ပြန်ပစ်နေရတယ်ဆိုတော့ အရင်နှစ်ကထက်စာရင်တော့ ဒီနှစ်က အဆင်မပြေကြသေးဘူး။ စက်သုံးဆီဈေးက သူကကြီးတယ်လို့ ပြောရမှာပေါ့နော်။ နောက်ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း မြင့်နေတော့ လက်ရှိထိတော့ မကိုက်ဘူး။ ငါးဖမ်းလုပ်ငန်းရှင်တွေအတွက် အဆင်မပြေဘူးပြောရမယ်”လို့ ဆိုပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ငါးရရှိမှုနည်းပါးပြီး ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အရှုံးပေါ်ခဲ့တဲ့အတွက် ငါးဖမ်းရာသီမကုန်ခင်မှာဘဲ ငါးဖမ်းလှေတွေလျော့ချလုပ် ကိုင်ရတာနဲ့ လုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အခြေအနေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ရာသီဥတုပြဿနာနဲ့အတူ ထုတ်လုပ်မှုကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့် လုပ်ငန်းအများစု ရပ်နားရမယ့်အခြေအနေနဲ့ ထပ်မံကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေမှာ လတ်တလောရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းရှင်တစ်ဦးကလည်း သံလွင်တိုင်းမ်ကို အခုလိုပြောပါတယ်။

“ဒီ(၄)လ အတောအတွင်းမှာဆိုရင် လုံးလုံးအရှုံးပြတဲ့ အနေအထားဖြစ်သွားပြီ။ ငါးကလုံးဝမတိုးဘူး။ ပင်လယ်တော့ နေ့တိုင်းထွက်နေတယ်။ မိုးလေဝသ အခြေ အနေမကောင်းလို့ မပစ်ရတဲ့အခါ မပစ်ရဘူး။ ပစ်ရတဲ့အခါကျတော့လည်း ဒီလိုဟင်းစားလောက်ပဲ၊ တစ်ပိဿာ နှစ်ပိဿာနဲ့ဘဲ ပြီးသွားတာပေါ့ ။ ဟိုတုန်းကတော့ အဲဒီလိုအခက်အခဲမျိုးတွေနဲ့ မကြုံခဲ့ဖူးဘူး။ ငါးရာသီကလည်း မမှန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းကသယံဇာတထိန်းသိမ်းရေးကို တော်တော်လေးကို လုပ်ခဲ့တာလေ။ အခုအ ချိန်မှာကျတော့ ကိုဗစ်ကာလနောက်ပိုင်း တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲလေးတွေနဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ဆိုတော့ လုံးဝအဲဒါတွေကို မလုပ်နိုင်တော့ဘူးပေါ့နော်။ မလုပ်နိုင်တဲ့အခါကျတော့ ဒီသံဇကာပိုက်တွေကလည်း အခုဆိုလို့ရှိရင် ပင်လယ်ပြင်မှာတအားဖြစ်နေပြီ။ ငါးတွေလည်း မျိုးတုန်းလာတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ ရေသံယဇာတထိန်းသိမ်းမှု အားနည်းနေတာကြောင့် ဖမ်းဆီးရမိတဲ့ ငါးတွေလည်း ရောင်းတန်းမဝင်တဲ့ အခြေအနေနဲ့ ကြုံလာရသလို သယံဇာတထိန်းသိမ်းမှုတွေကို အချိန်မီမလုပ်ဆောင်နိုင်ပါက ငါးမျိုးပြုန်းတီးမှုပြဿာနဲ့ ရင်ဆိုင်ရဖို့ရှိနေတာပါ။

မွန်ပြည်နယ်ဟာ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၃၀၀၀ ကျော်ရှိပြီး နှစ်စဉ် ငါး၊ ပုဇွန်တန်ချိန်သိန်းချီ ထွက်ရှိနေကာ ထွက်ရှိလာတဲ့ ရေထွက်ကုန်တွေကတော့ တရုတ်နိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ငါးလုပ်ငန်းကလည်း အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ ပို့ကုန်ကန့်သတ်ချက်တွေအပြင် တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် တခြားလုပ်ငန်းတွေနည်းတူ အာဏာသိမ်းမှုဒဏ်ကို အကြီးအကျယ်ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.