ရန်ကုန်၊ အောက်တိုဘာ(၄)

ကာလုံအစည်းအဝေးကနေ ထပ်မံတိုးယူထားတဲ့ အရေးပေါ်ကာလသက်တမ်းရဲ့ နှစ်လတာအတွင်း အွန်လိုင်းပေါ် ဝေဖန်ရေးသားပြောဆိုတဲ့ ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင် အယောက် ၁၀၀ ကျော်ကို အကြမ်းဖက်ပုဒ်မနဲ့ စစ်ကောင်စီက ဖမ်းဆီးအရေးယူထားပါတယ်။

နိုင်ငံပိုင်စစ်တပ်ဝါဒဖြန့် ကြေးမုံသတင်းစာရဲ့ ဩဂုတ်နဲ့ စက်တင်ဘာနှစ်လအတွင်း နေ့စဉ်ထုတ်ဝေတဲ့ သတင်းစာတွေကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာ အထက်ပါဖြစ်စဉ်ဟာ ချင်းနဲ့ကယားပြည်နယ်ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ဖမ်းဆီးအရေးယူခံရတဲ့ Facebook အကောင့်ပိုင်ရှင် ၁၀၀ နီးပါးရှိပြီး TikTok အကောင့်ပိုင်ရှင် ၉ ဦး ပါဝင်သလို အဲဒီထဲမှာတော့ ရန်ကုန်နဲ့ မန္တလေးတိုင်းက အယောက် ၇၀ ကျော်နဲ့ အများဆုံးပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကနေ ဖမ်းဆီးထားတဲ့ အကောင့်ပိုင်ရှင်တွေကို ပြစ်မှုထင်ရှားရင် ထောင်ဒဏ်သုံးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က နဲ့ စွဲဆိုထားတာပါ။

ဒါ့အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅- က ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)၊ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ့်အပြင် ပြစ်မှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်တယ်လို့ ကြေညာထားပါတယ်။

သံလွင်တိုင်းမ်ရဲ့ စိစစ်ချက်အရ အာဏာသိမ်း စစ်ကောင်စီကနေ အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ NUG ၊ CRPH နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေကို လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ အားပေးကူညီတာ ပြုလုပ်ခဲ့သူတွေကို ဖော်ထုတ်အရေးယူတဲ့သတင်းဟာ နေ့စဉ်လိုလိုဖော်ပြခဲ့တာပါ။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ အစိုးရယန္တရားတွေ ပျက်ပြားစေဖို့ ရည်ရွယ်ချက်တစ်ခုခုနဲ့ လှုံ့ဆော်ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခဲ့သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီက သတိပေးထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်တတိယပတ်တုန်းကလည်း လျှပ်စစ်မီးပြတ်တောက်တဲ့အပေါ် Facebook ကနေ ဝေဖန်ပြောဆိုတဲ့ ဟစ်ဟော့အဆိုတော်ဗျူဟာကို စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၃ – က တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားပါတယ်။

စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာသိမ်းယူမှုကြောင့် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ပျောက်ဆုံးသွားပြီလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Freedom House ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အနည်းဆုံးနိုင်ငံထဲမှာပါဝင်နေပြီး အောက်ဆုံးအဆင့် နံပါတ်ကိုးနေရာမှာ ရောက်နေပြီလို့ ဒီနှစ်ပိုင်းအတွင်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.