“NCA နှစ်ပတ်လည်ဖိတ်ကြားမှုက ငြိမ်းချမ်းရေးလုပ်တာမှ မဟုတ်ပဲ။ တကယ့်ငြိမ်းချမ်းရေးကို လုပ်ချင်ရင် သူ့တပ် တွေကိုရုပ်ပါ။ ဒီနေ့အဖမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားအားလုံးကို လွှတ်ပါ။ အပြုသဘောဆောင်တဲ့ အလုပ်တွေလုပ်ပါ”

အာဏသိမ်း စစ်ခေါင်းဆောင်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရဲ့ ၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ EAO အဖွဲ့တွေ တက်ရောက်ဖို့ ဖိတ်ကြားလာပါတယ်။ NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်ဖို့ ပြည်ပနိုင်ငံတွေကို လည်း ဖိတ်ကြားထားသလို NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်ရောက်နိုင်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

ဒါကြောင့် စစ်ကောင်စီလုပ်မယ့် NCA နှစ်ပတ်လည်နေ့ အခမ်းအနားအပေါ် သဘောထားအမြင်၊ တက်ရောက်ဖို့ ရှိ မရှိ ၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရမှာလည်း NCA စာချုပ်ဟာ တကယ်လို အပ်တဲ့ စာချုပ်လား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး NCA မှာ လက်မှတ်ရေးထိုးထားတဲ့ ABSDF အနေနဲ့ ရှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အပေါ် ဘယ်လို သဘောထားရှိပါသလဲ။ စစ်ကောင်စီဘက်က ဖိတ်ကြားလာရင် တက်ရောက်မလား။

ကျွန်တော်တို့ NCA ဆိုတာက ၂၀၁၅ခုနှစ်မှာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစိုးရနဲ့ ကျွန်တော်တို့ စာချုပ် ချုပ်ခဲ့တာဖြစ်တယ်။ စစ်တပ်နဲ့ ကျွန်တော်တို့ကြားထဲမှာ စာချုပ်ချုပ်တာမဟုတ်ဘူး။ အပစ်ခတ်ရပ်စဲရေးလုပ်တာ အစုအဖွဲ့နဲ့ လုပ်ခဲ့တာဖြစ်တယ်။ စစ်တပ်နဲ့ လုပ်တာမဟုတ်ဘူး။ ၂၀၂၁ အာဏာသိမ်းတာ စစ်တပ်က အာဏာ သိမ်းတာ။ အာဏာသိမ်းမှုမှာလည်း သူ့အကြောင်းပြချက်တွေက ခိုင်လုံတဲ့အကြောင်းပြချက်တွေ မရှိဘူးလို့ ကျွန်တော်တော့ နားလည်တယ်။ ဒါကြောင့် ကျွန်တော်တို့က ၂၀၂၁အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ကို အသိအမှတ်ပြုတဲ့ နိုင်ငံရေးကိစ္စတွေမှာ ကျွန်တော်တို့ မပါဝင်မဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်။

ဒီမူအတိုင်းပဲ ကျွန်တော်တို့ ကျင့်သုံးသွားမှာ ဖြစ်တယ်။ အောက်တိုဘာ၁၅ NCA နှစ်ပတ်လည်နေ့ကလည်း ကျွန်တော်တို့အတွက်တော့ အဓိပ္ပါယ်မရှိတဲ့နေ့လို့ပဲ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NCA စာချုပ် ကိုချိုးဖောက်တာ စစ်တပ်သာဖြစ်တယ်။ သူ၂၀၀၈ ဖွဲ့စည်းပုံဘာတွေပဲပြောပြော၊ NCA နဲ့ ပတ်သက်တာတွေ သူချိုးဖောက်နေတယ်။ တိုက်ပွဲတွေဖြစ်တယ်။ သူကလာလို့ တိုက်ပွဲတွေဖြစ်နေတာဖြစ်တယ်။ လိုရင်းပြောရရင် ဖိတ်ကြားရင်လည်း တက်ဖို့မရှိဘူးလို့ ပြောချင်ပါတယ်။

၂။ ABSDF အနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရပ်တန့်ပြီး နွေဦး တော်လှန်ရေးမှာ ပါဝင်လာနေတာဟာ NCA ကို လုံးဝပစ်ပယ်လိုက်တယ်၊ NCA မှာပါတဲ့မူတွေ ကတိကဝတ် တွေကို လိုက်နာစရာမလိုတော့ဘူးဆိုတဲ့ သဘောများလား။ ABSDF အနေနဲ့ NCA အပေါ် ဘယ်လို သဘော ထားရှိပါသလဲ။

NCA ဆိုတာ စာချုပ်တစ်ခုဖြစ်ပါတယ်။ ဒီစာချုပ်ကတော့ သမိုင်းတစ်ခုမှာ တွင်ခဲ့ပြီဖြစ်တယ်။ အခု၂၀၂၁ အာ ဏာသိမ်းပြီးနောက်ပိုင်းမှာ NCA အကောင်အထည် ဖော်ဖို့ဆိုတာက တော်တော်လေးကို ခက်သွားပြီဖြစ်တယ်။ ရှေ့မှာ NCA ဆိုတာ ဆက်ပြီးဖြစ်လာမလား၊ မဖြစ်လာဘူးလား။ ကျွန်တော်တို့ ပြောဖို့ခက်သွားပြီ။ NCA ရဲ့အ ခန်းကဏ္ဍကတော့ ရပ်သွားပြီလို့ ကျွန်တော်မြင်တယ်။ နိုင်ငံရေးအခင်းအကျင်းအသစ်ကို လျှောက်လှမ်းနေ တယ်လို့ မြင်တယ်။ စစ်တပ်ကအာဏာမသိမ်းဘူးဆိုရင် NCA ကိစ္စတွေက အသက်ဝင်ကောင်းဝင်နိုင်ပါတယ်။  ဒါပေမယ့်သူအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူဖိတ်တဲ့ NCA ကို သွားတက်မယ်ဆိုရင် ဒါသူ့ကိုနိုင်ငံရေးအရ အသိအမှတ်ပြုရာကျတယ်။ သူအာဏာသိမ်းတာကို လက်ခံရာကျတယ်။ NCA ကတော့ စာချုပ်တစ်ခုဖြစ်တယ်။ သမိုင်းတစ်ခုဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

၃။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆီ ဦးတည်လျှောက်လှမ်းနေတဲ့ တော်လှန်ရေးအင်အား စုတွေ၊ EAO တွေအတွက် NCA က တကယ်ရော လိုအပ်လား။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ရှေ့အနာဂတ်ခရီးကတော့ NCAနဲ့ တော့ပြောလို့မရတော့ဘူး။ NCA ကတော့ တစ်ခန်းရပ်သွားပြီ ပြောရမှာပေါ့။ နိုင်ငံရေးအခင်းအကျင်း အသစ်ပေါ်တာနဲ့အတူ အဲဒီအခင်းအကျင်းအသစ်ကိုသာ ဆက်ပြီးလျှောက်လှမ်းသွားကြမှာ ဖြစ်တယ်။ သူက NCA နှစ်ပတ်လည်လုပ်မယ်။ နိုင်ငံတကာကိုလည်း ဖိတ်မယ်ပေါ့။ ဒါကသူက ငြိမ်းချမ်း ရေးကို လိုလားတယ်ဆိုတာ ပြတော့သာ။ တကယ်ငြိမ်းချမ်းရေး လိုလားတာမှ မဟုတ်ပဲ။ အဲဒီဖိတ်ကြားမှုတွေနဲ့ တင် ငြိမ်းချမ်းရေးဆိုတာ လုပ်လို့ရတာမှ မဟုတ်ပဲ။ အဲဒီဖိတ်ကြားမှုတွေက ငြိမ်းချမ်းရေးမှ မဟုတ်ပဲ။ တကယ့် ငြိမ်းချမ်းရေးကို လုပ်ချင်ရင် သူ့တပ်တွေကိုရုပ်ပါ။ ဒီနေ့အဖမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်း သားအားလုံးကို လွှတ်ပါ။ အပြုသဘောဆောင်တဲ့ အလုပ်တွေလုပ်ပါ။ ဒါဆိုရင် လိုလားသယောင်ယောင် ကျွန် တော်တို့ သတ်မှတ်လို့ရတယ်။ အဲဒီလိုမဟုတ်ပဲနဲ့  အခုဖြစ်နေတဲ့ကိစ္စ အားလုံးသိနေတာပဲ တစ်ကမ္ဘာလုံးလည်း သိတယ်။ တစ်တိုင်းပြည်လုံးလည်း သိနေတာပဲ။ နေ့စဉ်နဲ့အမျှ  ပြည်သူလူထုကို သတ်နေတာပဲ။ နေရာတိုင်းမှာ သတ်နေတာပဲ။ အဲဒီလိုလုပ်နေတဲ့ လူက ငြိမ်းချမ်းရေးကို လိုချင်ပါတယ်ပြောတာက ကျွန်တော်တို့ လက်ခံနိုင်စရာ အကြောင်းတစ်ခုမှ မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ မေးခွန်းကိုဖြေရမယ်ဆိုရင် NCA  ကတစ်ခန်းရပ်သွားပြီလို့ ပြောချင်ပါတယ်။ အခုဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်နဲ့ပဲ  ဆက်ပြီးလျှောက်လှမ်းရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.