အုတ်ဖို – အောက်တိုဘာ(၂)

ပဲခူးတိုင်း၊သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စု ကြယ်နီကုန်းရွာက စစ်ကောင်စီထောက်တိုင်ရာအိမ်မှူး ဦးအောင်ဝင်းလေးဟာ (ခ.မ.ရ-၆) တိမ်မြုတ်တပ်ကို စစ်သင်တန်းသွားရောက်ဖို့ ထွက်လာစဉ် သာယာဝတီခရိုင် PDF က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာလ(၂) ရက်နေ့ မနက်အစောပိုင်းက သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄(မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

စစ်ကောင်စီထောက်တိုင်ရာအိမ်မှူး ဦးအောင်ဝင်းလေး ဆိုသူဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး စစ်တပ်အတွက် လူအင်အား စုဆောင်ပေးကာ (ခ.မ.ရ-၆) တိမ်မြုပ်တပ်မှာ စစ်သင်တန်းပေးတာ၊ တော်လှန်ရေးစခန်းနေရာတွေကို သတိပေးတာနဲ့ လိုက်လံပြသတာတွေလုပ်ဆောင်နေသူဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို ထောက်လှမ်းပေးပို့တာ၊ ဒေသခံပြည်သူ တွေကို အနိုင်ကျင့်ဗိုလ်ကျနေတာတို့ကြောင့် PDF တပ်ဖွဲ့က အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတဲ့အပြင် ပိုမိုဆိုးရွားလာတဲ့အတွက် စိစစ်အတည်ပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီထောက်တိုင် ရာအိမ်မှူးဦးအောင်ဝင်းလေးဆိုသူဟာ နေရာမှာတင် သေဆုံးခဲ့ပြီး သူ့ဆီက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်လုပ်ထားတဲ့ ဖုန်း(၁)လုံး၊တော်လှန်ရေးရဲဘော်တွေ သွားလာလှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စု စာအုပ်(၁)အုပ်၊ငွေ (၃၁၁၅၀)ကျပ်၊မှတ်ပုံတင်၊ကိုဗစ် ကင်းရှင်းကြောင်း ထောက်ခံချက်(၁)ခု တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးမှာ တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Bago – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.