ဟေတီ၊ အောက်တိုဘာ (၃) 

ဟေတီနိုင်ငံရဲ့ ရာဇဝတ်ဂိုဏ်းတွေ ဖြိုခွင်းနေချိန် ရဲတပ်ဖွဲ့ကို ကျောထောက်နောက်ခံပြုဖို့အတွက် နိုင်ငံတကာ လက်နက်ကိုင်တပ်ဖွဲ့တွေ ချထားမယ့် ကိစ္စရပ်အပေါ် ထောက်ခံမှုရှိမရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်အတွင်း ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် အန်တို နီယိုဂူတာရက်တို့က နိုင်ငံရဲ့လုံခြုံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အဲဒီတပ်ဖွဲ့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဟေတီနိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေအနေဟာ ရှုပ်ထွေးမှုတွေရှိနေတာကြောင့် ဒီလိုပြင်ပတပ်ဖွဲ့ တွေစေလွှတ်မှုဟာ အန္တရာယ်ကြီးမားနေပြီး ဒီကိစ္စကို အားထုတ်ဦးဆောင်လိုတဲ့ နိုင်ငံတစ်ခုကိုရှာဖွေရခက်ခဲနေတာလည်း ဖြစ်ပါတယ်။ 

ကင်ညာနိုင်ငံကတော့ အဲဒီလိုဦးဆောင်မယ့်တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဇူလိုင်လနှောင်းပိုင်းက ကြေညာခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ ကာရေဘီယံနိုင်ငံတွင်းသို့ အင်အား ၁၀၀၀ နီးပါး ဖြန့်ကျက်ချထားခဲ့ပါတယ်။ 

အမေရိကန်က ထောက်ပံ့ပို့ဆောင်ရေးကူညီမှုတွေ ပံ့ပိုးပေးဖို့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆို ထားသလို အခြားနိုင်ငံအများအပြားက နိုင်ငံစုံလုံခြုံရေးတပ်ဖွဲ့မှာပါဝင်ကူညီဖို့ ပြင်ဆင်ထား ကြောင်း ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။ 

အဲဒီနိုင်ငံတွေထဲမှာတော့ ဂျမေကာ၊ ဘဟားမား၊ အန်တီဂွါနဲ့ ဘာဘူဒါတို့ ပါဝင်တာ ဖြစ်ပါတယ်။ 

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ သင့်တင့်တဲ့လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ရက်များစွာကြာ အချေအတင်ဆွေးနွေးပြီးနောက် ကုလသမဂ္ဂထိန်းချုပ်မှုအောက်မှာမရှိတဲ့ အဲဒီမစ်ရှင်ကို အောက်တိုဘာ ၂ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ 

စက်တင်ဘာလလယ်က ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ ဟေတီဝန်ကြီးချုပ် ဟင်နရီက သူ့နိုင်ငံကို အရေးပေါ်အကူအညီတွေပေးအပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံတောင်းဆို ခဲ့ပါတယ်။ 

ကုလအတွင်းရေးမှူးချုပ်ရုံးမှ မကြာသေးမီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဟေတီနိုင်ငံရဲ့ အကျပ်အတည်း အများစုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

မြို့တော်နဲ့ အခြားနေရာအချို့ကို ထိန်းချုပ်ထားတဲ့ ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေဟာ ပိုမိုပြင်းထန်လာပြီး ရက်စက်ကြမ်းကြုတ်လာတယ်လို့ အစီရင်ခံစာက ဖော်ပြထားတာ ဖြစ်ပါတယ်။ 

လူဆိုးဂိုဏ်းတွေဟာ မုဒိမ်းကျင့်တာကို လက်နက်အဖြစ် အသုံးပြုနေတယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပြီး ခေါင်မိုးပေါ်မှ စနိုက်ပါသမားတွေက ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ခြင်းအပါ အဝင် အရှင်လတ်လတ် မီးရှို့ခြင်းတွေကို လုပ်ဆောင်နေပါတယ်။ 

နိုင်ငံတွင်းဒီလိုအခြေအနေတွေကြောင့် သာမာန်ဟေတီလူမျိုးတွေကတောင် ရာဇဝတ်ဂိုဏ်း တွေကို ပြန်လည် တိုက်ခိုက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အဖွဲ့တွေ ဖွဲ့ထားရ တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ 

၂၀၂၂ အောက်တိုဘာလကနေ အခုနှစ်ဇွန်လအတွင်း ဟေတီမှာ အရွယ်မရောက်သေးသူတွေ အသတ်ခံရမှု (၈၀) မှု အပါအဝင် လူသတ်မှုပေါင်း (၂၈၀၀) နီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။ 

အမေရိကန်မှလာတဲ့ များပြားတဲ့ တရားမဝင် လက်နက်ကုန်သွယ်မှုကြောင့် အကြမ်းဖက်မှုကို ပိုမိုဆိုးရွား စေခဲ့တာလည်း ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်နေပါတယ်။ 

လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကို ကိုင်ဆောင်ထားတဲ့တရုတ်နိုင်ငံကတော့ နိုင်ငံတကာ လုံခြုံရေးမစ်ရှင်နဲ့ပတ်သက်ပြီး သံသယရှိတယ်လို့ အရင်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီလို နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ချထားပေး မယ့်အစား ဖလော်ရီဒါကနေ လက်နက်တွေစီးဆင်းမှုကို နှိမ်နင်းဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ 

Ref: Frances24/ AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.