ရန်ကုန်၊ စက်တင်ဘာ(၃၀)

နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းတိုက်ပွဲတွေအပြင် မြို့ပေါ်လုံခြုံရေးတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓါတ်ရေးရာပါ ကျဆင်းနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တပ်အင်အားလိုအပ်ချက်အတွက် ဌာနေပြည်သူ့စစ်တွေနဲ့ ရပ်ကွက်ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အားကိုးလာရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားဒေသရှိ ဌာနေပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းတိုက်ပွဲတွေမှာ အများဆုံးအသုံးပြုလာသလို မြို့ပေါ်တွေမှာတော့ တပ်တွင်း၊ တပ်ပြင်နဲ့ ဌာနဆိုင်ရာရုံးတွေအပြင် မြို့ပေါ်လုံခြုံရေးတွေမှာပါ အဓိကအသုံးပြုနေတာပါ။

သျှမ်းပြည်မြောက်ပိုင်း မဟာမိတ်တပ်ရင်း NSSAA အဖွဲ့ တာဝန်ခံကိုပိုင်ကတော့ ပြည်သူ့စစ်အဖွဲ့တွေဟာ တိုက်ပွဲအတွေ့အကြုံမရှိတဲ့အတွက် အသုံးဝင်မှာမဟုတ်ပေမယ့် ရန်သူအခြေအနေကို အထင်မသေးကြဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

“သူတို့ရဲ့ပြည်သူ့စစ်သဘောတရားအရ စစ်ရေးကွပ်ကဲမှုတွေနဲ့ တခြားကိစ္စတွေမှာ ဒီလောက်ကြီးအထိ အသုံးချလို့ရမယ့်လူတွေတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ရန်သူတစ်ဘက်သားကိုလည်း အထင်သေးလို့ မရဘူးဆိုပေမယ့်လည်း သူတို့ဘက်မှာက တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ မဖြစ်လောက်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး စည်းရုံးရေးဆင်းတာတွေ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာပါတယ်။

အဲဒီထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်ရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ခြောက်ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင်တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အရန်အင်အားဖြစ်တဲ့ ပြည်သူ့စစ်တွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ အကူအညီတောင်းခံခဲ့တာပါ။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လုံထန်ပြည်သူ့စစ်၊ နမ့်ခမ်းမြို့မပြည်သူ့စစ်အပါအဝင် တခြားပြည်သူ့စစ်အဖွဲ့တချို့ အသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆိုထားပါတယ်။

ဒါ့အပြင် ကယားပြည်နယ်(ကရင်နီ)တိုက်ပွဲတွေမှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့စစ်တွေ စစ်ကောင်စီဘက်က ဝင်တိုက်ပေးနေပြီး ဒီသတင်းအပေါ် PNO တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်ကမေးမြန်းစဉ် ငြင်းဆိုထားတာပါ။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်းကတော့ ဌာနေပြည်သူ့စစ်တွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ပါဝင်လာပါက ပြည်သူရန်သူအဖြစ် သတ်မှတ်ခံရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီဟာကတော့ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေကြားမှာ သတ်ကြဖြတ်ကြတော့မယ့် ပုံစံတွေရောက်လာတာဖြစ်တယ်။ စစ်တပ်ကခိုင်းတဲ့ ပြည်သူ့စစ်တွေကြောင့် ပအိုဝ်းအမျိုးသားအချင်းချင်းကြားမှာရော၊ နောက်တစ်ခုက ဒီတိုင်းရင်းသားတွေပေါ့နော်။ လူမျိုးတစ်မျိုးထဲမဟုတ်သော်လည်း တိုင်းရင်း သားအချင်းချင်းကြားမှာ ဒါတွေဟာ စိတ်မကောင်းစရာတွေဖြစ်လာပါတယ်။ အခုလိုလူသိရှင်ကြားတွေ့ဆုံပြီး လုပ်တဲ့နောက်ပိုင်းမှာကတော့ ပြည်သူ့စစ်တွေဟာလည်း ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ တိုက်ခိုက်ရမယ့် သဘောတွေဖြစ်လာတာပေါ့လေ။ ကျွန်တော်တို့က ပြည်သူ့စစ်တွေကို ပြောချင်တာကတော့ ကျွန်တော်တို့ ဒီနေ့စစ်အာဏာရှင်စနစ်ကိုဖြုတ်ချနိုင်မှ ကျွန်တော်တို့လိုလားချက်တွေရမယ်။ ဒီအချိန်မှာ စစ်ကောင်စီဘက်ကနေ ပေါင်းတိုက်တာတို့ ပူးပေါင်းလုပ်တာတို့ဆိုရင်တော့ ဒါဟာပြည်သူ့ရဲ့ရန်သူလို့ သတ်မှတ်ခံရမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ပအိုဝ်းလူငယ်အဖွဲ့အစည်းတွေကတော့ ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့စစ်ကောင်စီဟာ အကျိုးစီးပွား ပတ်သက်မှုတွေရှိတာကြောင့် စစ်ကောင်စီသဘောအတိုင်း ဆက်လုပ်နေမှာလို့ သုံးသပ်ကြပါတယ်။

တဖက်မှာ စစ်ကောင်စီဟာ နိုင်ငံတဝန်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့စစ်တွေ ထပ်မံဖွဲ့စည်းသွားဖို့ပြင်ဆင်ထားသလို ဖွဲ့စည်းပြီးသာ ပြည်သူ့စစ်တွေကိုတော့ လက်နက်တပ်ဆင်ပေးပြီး နယ်မြေလုံခြုံရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ အခုလအတွင်း ပြည်သူ့စစ်အဖွဲ့လိုအဖွဲ့တွေ ဖွဲ့စည်းထားပြီး လုံခြုံရေးကင်းလှည့်တဲ့နေရာတွေမှာ အသုံးပြုလာတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“ပြည်သူ့စစ်လို့တော့ နာမည်မတပ်ထားဘူး။ ဒါပေမယ့်သိန်းငှက်အဖွဲ့လို့တော့ သူတို့အင်္ကျ ီတွေထုတ် ပေးထားတယ်။ ပြောက်ကျားဝတ်စုံတွေဘာတွေ ထုတ်ပေးထားတယ်။ သူတို့မွေးထားတဲ့ လူတွေရှိတယ်ပေါ့နော်။ များသောအားဖြင့်တော့ ရပ်ကွက်ထဲကလူမိုက်တွေလည်းပါတယ်။ သေနတ်တွေဘာတွေ ပေး၊ မပေးတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် ဓားတွေ၊ လက်နက်တွေကိုင်ပြီးတော့ တရားဝင်ကင်းလှည့်နေတာတွေရှိတယ်။ သူတို့ (စစ်ကောင်စီတပ်) ကင်းလှည့်ရင် အဲဒီသိန်းငှက်အဖွဲ့တွေကို ခေါ်သွားလေ့ရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ တပ်အင်အားလျော့နည်းမှုကို အစားထိုးနိုင်ဖို့ ရှိပြီးသား ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးတာအပြင် ပြည်သူ့စစ်အသစ်တွေကိုသင်တန်းပေးတာတွေပါ တပြိုင်တည်းလုပ်ဆောင်နေတာပါ။

မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုရင်လည်း ပျူစောထီးသင်တန်းတွေ ဆက်တိုက်ပေးနေပြီး ပြည်သူ့စစ်သဖွယ် အသုံးချနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။

လွတ်လပ်တဲ့ အစီရင်ခံစာတစ်ခုရဲ့ အဆိုအရ နိုင်ငံတွင်းမှာ ပြည်သူ့စစ်အုပ်စုပေါင်း ၅၀၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရဟာ ကျေးရွာပေါင်း တစ်သောင်းကျော်မှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုတွေကို ထိန်းချုပ်ဖို့အတွက် စစ်တပ်ကနေ ကျေးရွာကာကွယ်ရေးတပ်အသွင်အပြင် လမ်းပြနဲ့သတင်းပေးအဖြစ် ဆောင်ရွက်ဖို့ စစ်အစိုးရအဆက်ဆက် ဖွဲ့စည်းလာခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အရန်အင်အားဖြစ်တဲ့ ပြည်သူ့စစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဟာ တပ်တွင်းတော်တော့်ကို အခြေအနေကျဆင်းလာတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.