ရေဖြူ၊ စက်တင်ဘာ(၂၈)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဝဇွမ်းတောကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF စခန်းတစ်ခု စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းခံလိုက်ရတယ်လို့ PDF နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့မနက် ၁၀ နာရီအချိန်လောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဝဇွမ်းတောကျေးရွာအနီးရှိ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ ဇင်ယော်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာပါ။

PDF နဲ့နီးစပ်သူတွေအဆိုအရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့ သတင်းအရ PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ဖို့လမ်းတစ်ခုမှာ သွားရောက်စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ကနေ လမ်းကြောင်းပြန်လှည့်ပြီး စခန်းထဲဝင်ရောက်လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စခန်းအတွင်း ဝင်ရောက်လာတာကြောင့် ကျန်ရှိတဲ့ အစောင့်ရဲဘော်တွေက တိုက်ခိုက်မှုမလုပ်ဘဲ စခန်းလက်လွှတ်ပေးခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ မရှိပါဘူး။

စခန်းစီးနင်းခံရတာကြောင့် စခန်းအတွင်းကျန်ရှိတဲ့ လက်လုပ်သေနတ် ၁၀ လက်၊ ရှော့တိုက်ဒုံးသီး၊ ကျည်အိမ်၊ စကားပြောစက်၊ မိုင်း၊ စားသောက်ကုန်ရိက္ခာ၊ ဆေးပစ္စည်းတွေနဲ့ယူနီဖောင်းတွေ သိမ်းဆည်းခံလိုက်ရပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ ဝဇွမ်းတော၊ ဧကနိ၊ ခမောက်ချောင်းကျေးရွာတွေကို ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဝဇွမ်းတော၊ ဧကနိ၊ ခမောက်ချောင်း၊ ရငဲ၊ ဝက်ချောင်းကျေးရွာတွေက ဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.