ရန်ကုန်၊ စက်တင်ဘာ(၂၈)

မြန်မာ့အကျပ်အတည်းကနေ ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေဖို့အတွက် မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အားဖြည့်ကူညီပေးကြဖို့ NLD ပါတီက တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၃၅ နှစ်ပြည့် NLD ပါတီတည်ထောင်ခြင်းနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးခံပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေးဒဏ်သင့် အရပ်သားပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေရရှိရေးတို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေ အမြန်ဆုံးရပ်ဆိုင်းရေးနဲ့ အရပ်သားအစိုးရအဖွဲ့ လက်ထက်ကတည်းက ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးကြဖို့ကိုလည်း NLD က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းကာလအတွင်းမှာ NLD ပါတီဝင် ၁၈၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဖွဲ့ဝင် ၉၇ ဦး သတ်ဖြတ်ခံထားရသလို ပါတီဝင် ၃၇၀ ကျော်ရဲ့ နေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ NLD ပါတီဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးတွေကို ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းတွေ ခိုးယူသယ်ထုတ်တာ၊ ဖောက်ခွဲဖျက်ဆီးတာနဲ့ မီးရှို့ဖျက်ဆီးမှု အကြိမ် ၁၆၀ ကြုံ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ NLD ပါတီအနေနဲ့ အွန်လိုင်းဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြုပြီး အဖွဲ့ချုပ် အဖွဲ့ဝင်အင်အားတွေကို စုစည်းကာ ပါတီဗဟိုကော်မတီအစည်းအဝေးကိုလည်း ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်အကောင်အထည်ဖော်လျက်ရှိနေတယ်လို့လည်း ပြောကြားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) တို့ကလည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.