ကော့ကရိတ်၊ စက်တင်ဘာ(၂၈)

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေရှိ စစ်ကောင်စီ စာသင်ကျောင်းပေါင်း ၃၇၀ ကျော်ဟာ KNU ပညာရေးဌာနရဲ့ အုပ်ချုပ်စီမံမှုအောက်မှာ ရောက်ရှိနေပြီလို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

KPSN က”အာဏာဟန်ချက် အပြောင်းအလဲ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း” ဆိုတဲ့အစီရင်ခံစာကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ စစ်ကောင်စီကစစ်ရေးနဲ့ အုပ်ချုပ်ရေးထိန်းချုပ်နိုင်စွမ်းဟာ တဖြည်းဖြည်းမှေးမှိန်ကျဆင်းလာနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့လည်း သူတို့လက်အောက်ရှိ စာသင်ကျောင်းပေါင်း ၃၇၀ အပေါ် ထိန်းချုပ်နိုင်မှု လက်လွတ်ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်မှာ KNU ပညာရေးဌာနရဲ့ အုပ်ချုပ်စီမံမှုအောက်မှာ ရှိနေပြီဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ စာသင်နှစ်က KNU လက်အောက်ရှိ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD စာသင်ကျောင်းအရေအတွက် ၃၈၂ ကျောင်းသာ ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ KECD စာသင်ကျောင်း ၃ ဆနီးပါး ပိုမိုတိုးများလာပြီး ကျောင်းပေါင်း ၉၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNU စာသင်ကျောင်းအရေအတွက် ကြီးကြီးမားမား တိုးများလာတာနဲ့ စစ်ကောင်စီလက်အောက် စာသင်ကျောင်းတွေ ပြိုပျက်သွားခြင်းတို့ဟာ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး KNU ရဲ့ နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာမှုကို တိုက်ရိုက်ထင်ဟပ်နေတယ်လို့ KPSN က ဆိုပါတယ်။

စစ်ကောင်စီရဲ့ စခန်းအများအပြားဆုံးရှုံးလာတာ၊ နေပြည်တော်ရဲ့ ထိန်းချုပ်မှုနည်းပါးလာခြင်းနဲ့အတူ အရင်က စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်းအများအပြားဟာ KNU အုပ်ချုပ်ရေးအောက်ကို ရောက်ရှိလာပြီး အခုအခါမှာ KECD စာသင်ကျောင်းတွေအဖြစ် လည်ပတ်လျက်ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ပညာရေးဌာနလက်အောက်ရှိ ကျောင်းဆရာအများအပြားဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပြီး KECD ကျောင်းတွေမှာ ပြောင်းရွှေ့လုပ်ကိုင်နေကြသလို ပုဂ္ဂလိကကျောင်းနဲ့ လူထုကျောင်းအများအပြားကလည်း KNU အောက်မှ အပြည့်အ၀ရောက်ရှိလာကြပြီဖြစ်တယ်လို့ KPSN ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ကျေးရွာတွေအပေါ်ကို စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်လာတာကြောင့် ခိုလှုံဖို့ရောက်လာကြတဲ့ ကလေးငယ်တွေအတွက် အချို့နေရာတွေမှာ KECD စာသင်ကျောင်းအသစ်တွေ ဖွင့်လှစ်ပေးခဲ့ကြရတယ်လို့ ဖော်ပြပါရှိပါတယ်။

ကော်သူးလေ KNU နယ်မြေမှာ အရေအတွက်တိုးများလာနေတဲ့ စာသင်ကျောင်းတွေအတွက် လည်ပတ်စရိတ်ကိုသာမက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ကျောင်းတွေကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်ဖို့အတွက် KNU ပညာရေးဌာန KECD နဲ့ ကရင်ဆရာတွေအလုပ်အဖွဲ့တို့က နိုင်ငံတကာအကူအညီတွေကို ရှာဖွေပေးလျက်ရှိနေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.