ဝေါ၊ စက်တင်ဘာ(၂၇)

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီထံကနေ G3 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၆၂ တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်နေနဲ့ ဝေါမြို့နယ် ပေါက်တန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သေးတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေသPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.