နေပြည်တော်၊ စက်တင်ဘာ(၂၇)

တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘက်ပေါင်းစုံဖိအားတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုးယူထားတဲ့ အရေးပေါ်သက်တမ်း နှစ်လမပြည့်ခင်မှာပဲ စစ်ဗိုလ်ချုပ်တွေနဲ့ဝန်ကြီးတချို့ကိုထုတ်ပယ်ပြီး လူစားလဲတာတွေ လုပ်နေရပါတယ်။

လာဘ်စားမှုနဲ့စစ်ဆေးခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သူတို့နှစ်ဦးနေရာကိုတော့ စစ်တပ်ရဲ့ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို အစားထိုးခန့်အပ်ခဲ့တာပါ။

ထုတ်ပယ်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၁) ဝန်ကြီးအဖြစ်ကနေ စစ်ဘက်တာဝန်ကို ပြန်လည်ထမ်းဆောင်စေပေမယ့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုတော့ စစ်ဘက်တာဝန်ပေးဖို့ ထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူယုံဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်အဖြစ် စစ်ခေါင်းဆောင်နေရာမှာ ဆက်ခံမယ့်သူလို့ နာမည်ကျော်စောသူ တစ်ဦးပါ။

ဒါပေမယ့် ဒေါ်လာဈေးကစားမှု၊ လာဘ်စားမှုတွေကြောင့် သူဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကော်မတီသုံးခုကိုလည်း ဒုဝန်ကြီးချုပ်ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဌအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၁၈ ရက်နေ့မှာ အစားထိုးခန့်အပ်ခဲ့တာပါ။

စစ်ဗိုလ်ချုပ်တွေ ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက စစ်ကောင်စီအတွင်း ပြဿနာတက်နေတာ ဖြစ်နိုင်ပြီး ဒီကာလမှာ အခုလိုအတွင်းရော၊ အပြင်ရော ပရမ်းပတာဖြစ်တာ အပြင်းထန်ဆုံးလို့ သုံးသပ်ပါတယ်။

“မင်းအောင်လှိုင်တို့အဖွဲ့က တော်တော်လေး ပြဿနာတက်နေတာ ထင်တယ်။ သူ့ကိုဆက်ခံသူဆိုပြီးတောင်ပြောထားတဲ့ ဗိုလ်ချုပ်ကို (မိုးမြင့်ထွန်း) အနားပေးပြီးတော့ ဘေးဖယ်ထားတယ်လို့ အပြောခံရတဲ့ ဗိုလ်ချုပ်မြထွန်းဦးကို ပြန်ပေးတာတို့၊ ကြည့်ရတာတော့အခြေအနေက သူ့အတွက်မကောင်းဘူးထင်တယ်ဗျ။ ရန်သူ့ဘက်က စပြိုနေတာအမှန်ပဲ။ ခါတိုင်းလဲ စစ်ကောင်စီမှာ ဒါမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တော်တော် တည်ငြိမ်ပြီးမှ ဖြစ်တာလေ။ အခုလိုပရမ်းပတာ အပြင်ရော၊ အတွင်းရောဖြစ်တာ ဒီကာလအပြင်းထန်ဆုံးပဲ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ စက်တင်ဘာ ၂၅ ရက်နေ့ အမိန့်ကြေညာချက်တွေထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးအောင်နိုင်ဦးကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံလိုက်ရတာပါ။

ဒါ့အပြင် ထုတ်ပယ်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့နီးစပ်သူ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဦးညွှန့်အောင်ကိုလည်း တာဝန်ကနေ အနားပေးလိုက်တာ ဖြစ်ပါတယ်။

ဦးညွှန့်အောင်ဟာ စစ်ကောင်စီရဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုကြောင့် ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ချုပ်ကနေ ထုတ်ပယ်ခံထားရသူပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က လက်ရှိအခြေအနေဟာ စစ်အုပ်စုအတွင်း အကျင့်ပျက်ခြစားမှုတွေအပြင် တခြားအကြောင်းအရာတွေပါ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အကျင့်ပျက်ခြစားမှုဆိုတာက ခွဲခြားလို့မရတဲ့အရာနှစ်ခုလို့ ပြောရမှာပဲ။ နည်းနည်းစားတာနဲ့ များများစားတာကွာမယ်။ တိတ်တိတ်စားတာနဲ့ ကျယ်ကျယ်စားတာကွာမယ်။ ဒါပဲရှိပါလိမ့်မယ်။ အဲဒီထဲမှာမှ အခုကအချို့ကို နာမည်တွေထုတ်ဖော်ပြီးတော့ လုပ်လာတယ်ဆိုတာက ဒီအကျင့်ပျက်ခြစားမှုဆိုတဲ့ ကိစ္စအပြင် အခြားသောကိစ္စတွေလည်း ပါဝင်ပတ်သက်ကောင်း ပတ်သက်နိုင်တယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဘရန်ရှောင်ကိုလည်း အနားပေးလိုက်ပြီး လစ်လပ်သွားတဲ့နေရာကို ဦးခင်ဇော်၊ စီးပွားကူးသန်းဝန်ကြီးနေရာမှာ ဦးထွန်းအုံနဲ့ ဒုဝန်ကြီးနေရာကိုတော့ ဦးမင်းမင်းတို့ကို အစားထိုးခန့်အပ်ခဲ့တာပါ။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးကို စစ်ကောင်စီက ရာထူးတိုးချဲ့ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်ခေါင်းဆောင်အနေနဲ့ နာမည်ဆိုးထွက်နေတဲ့သူတွေကို ဖြုတ်ပြီး စိတ်ကြိုက်ဖြစ်တဲ့သူတွေကို ရာထူးတိုးနေရာပေးပြီး ရွေးချယ်အစားထိုးနေဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မင်းအောင်လှိုင်ကတော့ သူကြိုက်တဲ့သူပဲ ထည့်ပြီးတော့ အစားထိုးဦးမှာပဲ။ ဒီလူက မကြိုက်ဘူးဆိုရင် သူ့မှာအစားထိုးစရာ စစ်ဗိုလ်ချုပ်တွေ အများကြီးရှိတယ်။ တစ်ယောက်ယောက်ကို ရာထူးတိုးပြီးဖြစ်ဖြစ်၊ နေရာပေးတာဖြစ်ဖြစ်၊ ပြုတ်တဲ့သူကပြုတ်၊ ဒီလိုမျိုး ဆက်ဖြစ်လာဦးမှာပဲ။ ဒီလိုမျိုး နာမည်ထွက်တဲ့သူကပြုတ်ပြီး ကျန်တဲ့သူတွေကိုတော့ သူစိတ်ကြိုက် ရွေးချယ်အစားထိုးနေဦးမယ်လို့ ကျွန် တော်မြင်တယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းတာဟာ အရေးပေါ်သက်တမ်းတိုးယူပြီးချိန်မှသာ လုပ်လေ့ရှိပေမယ့် အခုလိုအရေးပေါ်သက်တမ်းရဲ့ သုံးပုံတစ်ပုံ မပြည့်ခင်စပ်ကြား အပြောင်းအလဲလုပ်တာဟာ စစ်အုပ်စုအတွင်း ရုပ်ပျက်ဆင်းပျက်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

ဒီအခြေအနေမှာ စစ်အုပ်စုအတွင်း ပြဿနာတွေကို တော်လှန်ရေးအင်အားစုတွေက အခွင့်ကောင်းယူပြီး စုစုစည်းစည်းတက်တက်ကြွကြွနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲမှာ ညီညီ ညွတ်ညွတ်နဲ့ ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.